Border News Agency
နေပြည်တော်၊ မေ ၁၂။
အာဏာသိမ်းစစ်တပ်အရာရှိ၊ စစ်သည်တွေကို ကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာတွေအကြောင်း သိစေဖို့ဆိုပြီး အိန္ဒိယတပ်မတော်နဲ့ပေါင်းကာ ကိုးကြိမ်မြောက်သင်တန်းကို မေလ ၁၁ ရက်နေ့လိုက်ပါတယ်။
အဲဒီသင်တန်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ ကြည်း၊ ရေ၊ လေ အရာရှိသုံးဆယ်ဦး တက်ရောက်နေပြီး ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေရဲ့ သမိုင်းကြောင်း၊ စည်းမျဉ်းတွေနဲ့လိုက်နာရမယ့်ကျင့်ဝတ်တွေကို စာတွေ့ရောလက်တွေ့ပါ သင်ကြားပေးမှာ ဖြစ်ပါတယ်။
အဲဒီအပြင် အရပ်သားတွေနဲ့ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်တာ၊ စစ်ဘက်နဲ့အရပ်ဘက် ပူးပေါင်းဆောင် ရွက်တာတွေအပြင် ကင်းလှည့်တာနဲ့ ယာဉ်တန်းလုံခြုံရေးယူတာတွေကိုလည်း Blue Helmet လို့ခေါ်တဲ့ လေ့ကျင့်ခန်းတွေနဲ့အတူ သင်ကြားပေးသွားမယ်လို့ ဆိုပါတယ်။
အဲဒီသင်တန်းဖွင့်ပွဲကိုအာဏာသိမ်းစစ်တပ်ရဲ့ ဒု-ကာကွယ်ရေးဦးစီးချုပ်ဆိုသူ ဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur တို့ တက်ရောက်ခဲ့ကြပါတယ်။
အဲဒီသင်တန်းကို လာမယ့် မေလ ၂၂ ရက်နေ့ထိ လုပ်သွားမှာပါ။
အဲဒီပြည်တွင်းထဲ အရပ်သားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ကအခုလိုငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာသင်တန်းတွေတက်နေတာဟာ နိုင်ငံတကာကြားမှာ ပုံရိပ်ကောင်းအောင်လုပ်ပြနေတာလို့ ဝေဖန်သူတွေကဆိုကြပါတယ်။









