Border News Agency
မဲဆောက်၊ မေ ၁၉။
ထိုင်းနိုင်ငံ၊ တာ့ခ်ပြည်နယ်၊ မဲဆောက်မြို့နယ် ဟွေဟင်ဖုန်ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ပတ်စ်ပို့နဲ့ဗီဇာအထောက်အထားအတုတွေ အသုံးပြုပြီး ပြည်တွင်းကို ဖြတ်ကျော်ဝင်ရောက်ဖို့ကြိုးပမ်းခဲ့တဲ့ မြန်မာနှစ်ဦးကို ထိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့ လုံခြုံရေးပူးပေါင်းအဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
အဲဒီဖမ်းဆီးမှုကို မေလ ၁၈ ရက်၊ ည ၉ နာရီခွဲအချိန်ခန့်က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူနှစ်ဦးဟာ အသက် ၂၄ နှစ်နဲ့ ၃၄ နှစ်အရွယ်ရှိတဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပါတယ်။
သူတို့ဟာ စစ်ဆေးရေးဂိတ်မှာ အထောက်အထားတွေပြသချိန်အတွင်း ထိုင်းအာဏာပိုင်တွေဘက်က နည်းပညာနဲ့သေချာစိစစ်ရာကနေ အတုဖြစ်ကြောင်းပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
သူတို့ကိုင်ဆောင်လာတဲ့ ပတ်စ်ပို့စာအုပ် နှစ်အုပ်စလုံးဟာအတုတွေဖြစ်နေတဲ့အပြင် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်အထောက်အထားတခုဖြစ်တဲ့ နေရပ်လိပ်စာပြောင်းလဲကြောင်း သတင်းပို့စာရွက် (TM.27)နှစ်စောင်ဟာလည်း အစိုးရရုံးတံဆိပ်အတုတွေသုံးထားတဲ့ စာရွက်စာတမ်းအတုတွေဖြစ်နေတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ထိုင်းရဲတပ်ဖွဲ့က သူတို့နှစ်ဦးကို ပတ်စ်ပို့အတုသုံးစွဲမှု ၊အစိုးရရုံးသုံးစာရွက်စာတမ်းအတုသုံးစွဲမှုနဲ့ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်မှုစတဲ့ ပုဒ်မတွေနဲ့အမှုဖွင့်ထားပြီး တရားခံနှစ်ဦးစလုံးကလည်း ပြစ်မှုကျူးလွန်ကြောင်း ရဲစခန်းမှာဝန်ခံထွက်ဆိုထားပါတယ်။
အဲဒီတရားခံတွေကို ဥပဒေအရဆက်လက်အရေးယူနိုင်ဖို့ မဲဆောက်ရဲစခန်းဆီလွှဲပြောင်းထားပြီး တာ့ခ်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနကလည်း နယ်စပ်ဖြတ်ကျော် မှုခင်းတွေကိုကာကွယ်ဖို့အတွက် အခုလို စာရွက်စာတမ်း အတုအစစ် စစ်ဆေးမှုတွေကို နည်းပညာသုံးပြီး ပိုမိုတင်းကျပ်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။






