Border News Agency
အီရန်၊မေ ၁၉။
အီရန်နိုင်ငံအပေါ် လုပ်ဆောင်ဖို့ ပြင်ဆင်ထားတဲ့ စစ်ရေးအရတိုက်ခိုက်မှုအစီအစဉ်ကို ပင်လယ်ကွေ့မဟာမိတ်နိုင်ငံတွေရဲ့ တောင်းဆိုမှုကြောင့် ယာယီဆိုင်းငံ့ထားပြီး နောက်ကွယ်မှာ အလေးအနက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်ပါတယ်။
တဖက်မှာလည်း အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်က ဆွေးနွေးပွဲတွေမှာ ပါဝင်နေတာဟာ ဖိအားပေးခံရလို့အညံ့ခံတာမျိုး မဟုတ်ဘဲ နိုင်ငံရဲ့ ရပိုင်ခွင့်တွေအတွက် ဂုဏ်သိက္ခာရှိရှိ ဆွေးနွေးနေတာလို့တုံ့ပြန်ထားပါတယ်။
ဒီအတောအတွင်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အမေရိကန်နဲ့ အစ္စရေးတို့နဲ့ ဆက်နွှယ်ပြီး အီရတ်နယ်စပ်အနီးကနေ လက်နက်ခဲယမ်းတွေ မှောင်ခိုသွင်းဖို့ ကြိုးပမ်းနေတဲ့ အဖွဲ့တွေကို တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားတဲ့ ဖိုင်ဘာအော်ပတစ် ကေဘယ်ကြိုးလိုင်းတွေကိုလည်း အီရန်ရဲ့ အချုပ်အခြာအာဏာအရ ခွင့်ပြုချက်စနစ်အောက်မှာ ထားရှိသွားနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီသံတမန်ရေးရာ ဆွေးနွေးမှုတွေမှာ ပါကစ္စတန်နိုင်ငံက အမေရိကန်နဲ့ အီရန်အကြား သတင်းစကားအပြန်အလှန် ပါးရမယ့် ကြားခံအဖြစ် အဓိကအခန်းကဏ္ဍကနေ ကူညီဆောင်ရွက်ပေးနေပြီး၊ကာတာနိုင်ငံကလည်း ဒီသံတမန်ရေးရာ ကြိုးပမ်းမှုတွေကို ထောက်ခံကြောင်း ပြောကြားထားပါတယ်။
တဖက်မှာတော့ ကမ္ဘာလုံးဆိုင်ရာ စစ်မီးကြောင့် လောင်စာဆီဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် အမေရိကန်က ပင်လယ်ပြင်ရှိ ရုရှားရေနံတင်သင်္ဘောတွေအပေါ် ပိတ်ဆို့မှုဖြေလျှော့ခွင့်ကို ရက်ပေါင်း ၃၀ ထပ်တိုးပေးခဲ့ပါတယ်။
အမေရိကန်ပြည်တွင်းမှာတော့ ဒီစစ်ပွဲကြောင့် ကုန်ဈေးနှုန်းနဲ့ လူနေမှုစရိတ်တွေ မြင့်တက်လာနေတဲ့အတွက် သမ္မတ ဒေါ်နယ်ထရန့်အပေါ် နိုင်ငံရေးအရ ဖိအားတွေ ကြုံတွေ့နေရပြီး၊ လာမယ့် နိုဝင်ဘာလကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီအတွက် စိန်ခေါ်မှု ဖြစ်လာနိုင်တယ်လို့ သုံးသပ်သူတွေက ထောက်ပြနေကြပါတယ်။






