Border News Agency
ထိုင်း၊မေ ၂၀။
ထိုင်းနိုင်ငံအတွင်း မျောက်ကျောက်ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁,၀၇၄ ဦး ရှိလာပြီး သေဆုံးသူ ၁၆ ဦးအထိ ရှိလာခဲ့ပြီလို့ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ရောဂါထိန်းချုပ်ရေးဦးစီးဌာနက မေလ ၁၉ ရက်နေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။
ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားအချို့ဟာ လူစိမ်းတွေနဲ့ လိင်ဆက်ဆံမှု ပြုလုပ်ခဲ့ပြီးနောက် အဲဒီရောဂါ ကူးစက်ခံထားရတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
အဲဒီရောဂါကူးစက်ခံရသူ အများစုဟာ အသက် ၂၅ နှစ်ကနေ ၄၀ ကြား အရွယ်တွေဖြစ်ပြီး အဓိကအားဖြင့်အမျိုးသားအချင်းချင်း လိင်တူဆက်ဆံသူ (MSM)တွေအကြား ကူးစက်မှုအများဆုံး ဖြစ်နေတာပါ။
ဒါ့အပြင် မျောက်ကျောက်ရောဂါ မျိုးဗီဇအသစ်တခုဖြစ်တဲ့ ‘Mpox Clade Ib’ ကူးစက်မှုဟာလည်းတဖြည်းဖြည်း မြင့်တက်လာနေပြီး ၂၀၂၆ခုနှစ်အစပိုင်းကနေ အခုအချိန်အထိမျိုးဗီဇအသစ် ကူးစက်ခံရသူ ၆ ဦး ရှိနေပြီလို့ သိရပါတယ်။
အဲဒီရောဂါပိုးဟာ ခန္ဓာကိုယ်ချင်း နီးကပ်စွာ ထိတွေ့တာနဲ့ အရေပြားချင်း ထိတွေ့ရာကနေတစ်ဆင့် အဓိက ကူးစက်တာဖြစ်ပါတယ်။
ဒါကြောင့် ပွဲတော်တွေကျင်းပတဲ့ လူဦးရေထူထပ်တဲ့ ခရီးသွားနေရာတွေမှာ သူစိမ်းတွေနဲ့ အနီးကပ်ထိတွေ့ဆက်ဆံတာမျိုးတွေကို ရှောင်ကြဉ်ကြဖို့နဲ့ အန္တရာယ်ရှိနိုင်တဲ့ ဖျော်ဖြေရေးနေရာတွေမှာ ရောဂါရှာဖွေစိစစ်တာတွေကို အနီးကပ်စောင့်ကြည့်ဖို့ ကျန်းမာရေးအဖွဲ့အစည်းတွေကို ညွှန်ကြားထားပါတယ်။
ပြည်သူတွေအနေနဲ့လည်း ရောဂါပိုးရှိသူတွေ သုံးစွဲတဲ့အသုံးအဆောင်ပစ္စည်းတွေကို မျှဝေသုံးစွဲတာမျိုး မလုပ်ဖို့နဲ့ လိင်ဆက်ဆံရာမှာ ကွ
န်ဒုံးကို စနစ်တကျ အသုံးပြုကြဖို့ တိုက်တွန်းထားပါတယ်။
မိမိတို့ခန္ဓာကိုယ်မှာ ဖျားနာတာ၊အဖုအပိမ့်ထွက်တာ ဒါမှမဟုတ် ရေကြည်ဖုပေါက်တာမျိုးတွေ ရှိလာရင် ဆေးရုံ၊ ဆေးခန်းတွေကို ချက်ချင်းသွားရောက်ပြသပြီး ကုသမှုခံယူကြဖို့ နှိုးဆော်ထားပါတယ်။
ထိုင်းအာဏာပိုင်တွေအနေနဲ့ ခရီးသွားလုပ်ငန်း ကောင်းမွန်စေရေးနဲ့ရောဂါပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် နယ်စပ်ဂိတ်တွေနဲ့ ခရီးသွားဇုန်တွေမှာ စောင့်ကြည့်စစ်ဆေးမှုတွေကို တိုးမြှင့်လုပ်ဆောင်နေပါတယ်။






