Border News Agency
မောတောင်၊ မေ ၂၀။
တနင်္သာရီတိုင်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မောတောင်မြို့ကိုပြန်ပြီး သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်က မေလ ၂၀ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တနင်္သာရီ – ရေဖြူ – သိန်းခွန် – သဲဖြူ – မောတောင်လမ်းကြောင်းကို ပြန်ဖွင့်ဖို့အတွက် မေလ ၅ ရက်နေ့ကစပြီး စစ်ကြောင်းခွဲကာ တိုက်စစ်ဆင်ခဲ့တာလို့ဆိုပါတယ်။
အဲဒီနောက်မေလ ၉ ရက်နေ့မှာ ပွိုင့် ၂၇၁ တောင်ကုန်း၊ မေလ ၁၂ ရက်နေ့မှာ ဖောင်ဆိပ်ရွာနားက ခံစစ်နေရာတွေ၊ မေလ ၁၃ ရက်နေ့မှာ ဖောင်ဆိပ်ရွာနဲ့ မေလ ၁၅ ရက်နေ့မှာ နှုံးပွားရွာကို အာဏာသိမ်းစစ်တပ်က အဆင့်ဆင့်ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင်မေလ ၁၆ ရက်ကနေ ၁၈ ရက်နေ့အထိ အမှတ် ၅၊ အမှတ် ၃၊ အမှတ် ၁ ကျေးရွာတွေကို ဆက်တိုက်ဝင်ရောက်ခဲ့ပြီး မေလ ၁၉ ရက် ညနေ ၄ နာရီမှာ မောတောင်မြို့တခုလုံးကို အလုံးစုံပြန်ထိန်းချုပ်လိုက်တာလို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်က တိမ်းရှောင်နေရတဲ့ ဒေသခံတွေပြန်လာနေထိုင်နိုင်ဖို့နဲ့ အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ဖို့အတွက် မြေမြှုပ်မိုင်းတွေ ရှင်းလင်းတာတွေကိုလုပ်နေတယ်လို့လည်း ဆိုပါတယ်။
စစ်ဘေးကြောင့် ပျက်စီးသွားတဲ့စာသင်ကျောင်းတွေကိုလည်း ကလေးတွေပြန်တက်နိုင်အောင် အမြန်ဆုံး ပြန်ပြင်ပေးသွားမယ်လို့ ဆိုပါတယ်။















