Border News Agency
မကွေး၊ မေ ၂၅။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်းရှိ သရက်ကန်ပျူစောထီးစခန်းကိုဒေသတွင်း မဟာမိတ်အင်အားစုတွေ စုပေါင်းပြီး တမာမြေစစ်ဆင်ရေးအဖြစ်တိုက်ခိုက်ခဲ့ရာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပခုက္ကူခရိုင်အမှတ်၁၇ တပ်ရင်းက မေလ ၂၅ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီပျူစောထီးစခန်းကို ပြီးခဲ့တဲ့ မေလ ၂၂ ရက်၊ မနက် ၅ နာရီမှာစတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း အာဏာသိမ်းစစ်တပ်က လေကြောင်းပစ်ကူအကြိမ်ရေ ၄၀ ထက်မနည်း အသုံးပြုပြီး ပြင်းပြင်းထန်ထန် ခုခံခဲ့ပေမယ့် မေလ ၂၃ ရက်၊ မနက် ၅ နာရီ ၄၅ မိနစ်ခန့်မှာ စခန်းတခုလုံးကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ပွဲအပြီးမှာ အာဏာသိမ်းစစ်တပ်နဲ့ ပျူစောထီးတွေဆီကနေ ကာဘိုင် ၁၁ လက်၊ ၁၂ ဗို့ ၆ လက်၊ လက်လုပ်သေနတ် ၁ လက်နဲ့ လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
ဒါ့အပြင် အဲဒီစခန်းအတွင်း ၅ နှစ်နီးပါးကြာ ဖိနှိပ်ချုပ်ချယ်မှုခံနေရတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အပါအဝင် ဒေသခံပြည်သူ ၄၉ ဦးကိုလည်း ဘေးကင်းစွာကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင်အမှတ် (၂/၆/၇/၁၄/၁၇) တပ်ရင်းတွေ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မကွေးဖက်ဒရယ်ယူနစ်ကာကွယ်ရေးစစ်ကြောင်း – ၁ (MFUDC-1) အပါအဝင် ဒေသတွင်း မြို့နယ်ပကဖအဖွဲ့တွေ၊ တပ်ပေါင်းစုတွေနဲ့ မကွေးဖက်ဒရယ်ယူနစ် ကာကွယ်ရေးဝန်ကြီးတို့ ပူးပေါင်းဖော်ဆောင်ခဲ့ကြတာလို့ဆိုပါတယ်။
အဲဒီဒေသတွင်း စစ်ရေးအခြေအနေ ပိုမိုပြင်းထန်လာနိုင်တဲ့အပြင် သရက်ကန်ကျေးရွာအတွင်း လမ်းတိုင်းနဲ့ အိမ်ခြေအနှံ့မှာ တိုက်မိုင်း၊ နင်းမိုင်းတွေ ထောင်ထားတာကြောင့် ပြည်သူတွေအနေနဲ့ကျေးရွာအတွင်း ဝင်ထွက်သွားလာတာ လုံးဝမပြုလုပ်ကြသေးဖို့ မဟာမိတ်တပ်ဖွဲ့တွေက အရေးပေါ်သတိပေး နှိုးဆော်ထားပါတယ်။














