Border News Agency
ထိုင်း၊ မေ ၂၈။
ထိုင်း – လာအိုနယ်စပ် မဲခေါင်မြစ်ကြောင်းတလျှောက်မှာ မှောင်ခိုကူးတာတွေတားဆီးဖို့အတွက် ထိုင်းဘုရင့်ရေတပ်၊ မဲခေါင်မြစ်ကြောင်း ရေပြင်လုံခြုံရေးတပ်ဖွဲ့က ကင်းလှည့်စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ ထိုင်းရေတပ်က မေလ ၂၈ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီလိုစစ်ဆေးရာမှာ ဥဘွန်ရက်ချာသာနီခရိုင်ထဲက မဲခေါင်မြစ်ကမ်းဘေးမှာ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၀,၀၀၀ ခန့် (၄ သိန်းနီးပါး) ကို ကုန်တင်ဆာလာအိတ်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီနယ်စပ်ဒေသကို မူးယစ်ဆေးဝါးတွေ တရားမဝင် မှောင်ခိုသယ်ဖို့ပြင်နေတယ်လို့ ကြိုတင်သတင်းရခဲ့တာပါ။
ဒါကြောင့်နယ်စပ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဖာချန်ကျေးရွာအနီးမှာ စောင့်ကြည့်စစ်ဆေးတာတွေကို အရှိန်မြှင့်ပြီး လုပ်ဆောင်ခဲ့ကြပါတယ်။
အဲဒီနောက်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သံသယဖြစ်ဖွယ်လူတစုကို စစ်ဆေးဖို့လုပ်တဲ့အချိန်မှာ သူတို့ကနယ်မြေကျွမ်းကျင်တာကို အသုံးချပြီး မဲခေါင်မြစ်ထဲကို ထွက်ပြေးလွတ်မြောက်သွားခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့်မူးယစ်ဆေးဝါးတွေထည့်ထားတဲ့ ဆာလာအိတ် ၂ အိတ်ကိုတော့ ကမ်းစပ်မှာစွန့်ပစ်ထားခဲ့ကြတာကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။
အဲဒီဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ဥပဒေလုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လက်အရေးယူနိုင်ဖို့အတွက် ခုန်ကျီယမ် ရေတပ်စခန်းကို လွှဲပြောင်းထားတယ်လို့ဆိုပါတယ်။
အဲဒီနယ်စပ်ဖြတ်ကျော် တရားမဝင်မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းတွေကို နှိမ်နင်းနိုင်ဖို့ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ကင်းလှည့်စစ်ဆေးတာတွေကို ဆက်လုပ်နေတယ်လို့သိရပါတယ်။






