Border News Agency
ဘင်္ဂလားဒေ့ရှ်၊ မေ ၂၈။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ဆံပင်ပုံစံနဲ့တူလို့ လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထရမ့်ဆိုတဲ့ကျွဲဖြူတကောင်ကို အစ်ဒ်ပွဲတော်မှာယဇ်ပူဇော်သတ်ဖြတ်မယ့်ဘေးကနေ အစိုးရက အချိန်မီကယ်တင်လိုက်ပါတယ်။
အလေးချိန်ကီလိုဂရမ် ၇၀၀ ရှိတဲ့ ဒီကျွဲဖြူကြီးဟာ အင်မတန် ရှားပါးတဲ့ အယ်လ်ဘီနိုအမျိုးအစားဖြစ်ပြီး အမျိုးသားတိရစ္ဆာန်ရုံမှာ ဆက်လက်စောင့်ရှောက်သွားမှာပါ။
အဲဒီကျွဲဖြူကြီးရဲ့ ထူးခြားတဲ့ ရွှေဝါရောင်အမွေးအမှင်တွေကြောင့် ဒေသခံတွေနဲ့ကလေးငယ်တွေဟာ ဓာတ်ပုံရိုက်ဖို့ အုန်းအုန်းကျွက်ကျွက် လာရောက်ကြည့်ရှုခဲ့ကြတာ ဖြစ်ပါတယ်။
ပိုင်ရှင်ဖြစ်သူက ပွဲတော်ရက်မှာ လှူဒါန်းဖို့ရောင်းချခဲ့ပေမယ့် မွေးမြူရေးဌာနရဲ့တောင်းဆိုချက်အရ ရဲတပ်ဖွဲ့က ပွဲတော်မတိုင်ခင်နာရီပိုင်းအလိုမှာပဲ သွားရောက်သိမ်းဆည်းကာ အသက်ဘေးကကယ်တင်ခဲ့တာပါ။
မွေးမြူရေးဌာနကတော့ ဒီကျွဲဖြူကြီးဟာ အသက်ငယ်သေးတာကြောင့် နောက်ထပ်နှစ်အတော်ကြာအထိ ဆက်လက်မွေးမြူသွားလို့ ရသေးတယ်လို့ ပြောပါတယ်။
အဲဒီကျွဲဖြူကြီးကို အမျိုးသားတိရစ္ဆာန်ရုံဆီ လွှဲပြောင်းပေးအပ်ထားပြီး တိရစ္ဆာန်ရုံလုပ်ထုံးလုပ်နည်းအတိုင်း သီးသန့်တင်းကုတ်မှာ နှစ်ပတ်ကြာခွဲထားပြီး စောင့်ကြည့်သွားမှာပါ။
တိရစ္ဆာန်ရုံတာဝန်ခံ အာတီကာရာမန်က ကျွဲဖြူကြီးအတွက် သီးသန့်ပြုစုစောင့်ရှောက်မယ့်သူတဦး ခန့်အပ်ပေးထားတယ်လို့ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီနေ့မှာကျရောက်တဲ့ အစ်ဒ်ပွဲတော်ကာလအတွင်း ဆိတ်၊ သိုး၊ နွားနဲ့ ကျွဲအပါအဝင် တိရစ္ဆာန်ကောင်ရေ ၁၂ သန်းကျော်ကို အလှူတော်အဖြစ် ယဇ်ပူဇော်လေ့ရှိကြပါတယ်။










