der News Agency
ဂွ၊ ဇူလိုင် ၁၄။
သဘာဝဘေးအန္တရာယ်နဲ့ကြုံတွေ့နေရတဲ့ ဂွမြို့ကို ဇူလိုင်လ ၁၄ ရက်၊ ညနေက အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီဒဏ်ရာရသွားသူဟာ ဂွမြို့၊ ကင်းရုံးရပ်ကွက်မှ အသက်သုံးဆယ်ကိုးနှစ်အရွယ် ဦးကျော်သူဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ တိုက်လေယာဥ်တစီးဟာ ဂွမြို့ကို ဗုံးလေးလုံးနဲ့ရွယ်ရည်ချက်ရှိရှိ နှစ်ကြိမ်ကြဲချတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ကင်းရုံရပ်ကွက်နေ ဦးကျော်သူမှာ ဗုံးစထိမှန်ကာဒဏ်ရာရသွားခဲ့ပြီး ကြံ့ခိုင်ရေးရုံးအဟောင်းလည်း ပြိုကျပျက်စီးသွားခဲ့ပါတယ်။
ဂွမြို့နယ်ကို ဇူလိုင်လ ၁၃ ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်မှ ဗုံးအလုံးငါးဆယ်နှစ်လုံးနဲ့တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီအပြင် ဇူလိုင်လ ၁၀ ရက်နေ့ကလည်း ဂွမြို့နယ်၊ ကုလားချောင်းရွာနဲ့ ပေါက်တူးရွာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကုလားချောင်းရွာမှ အရပ်သားလေးဦးသေဆုံးပြီး တဦးဒဏ်ရာရသွားခဲ့ကာ ပေါက်တူးရွာစာသင်ကျောင်းနဲ့ လူနေအိမ်ခုနှစ်ဆောင် ပျက်စီးသွားခဲ့ပါတယ်။
အာရက္ခဒေသမှာ ရက်ဆက်မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေလျှံမှုကြောင့် ပြည်သူတွေ ရေဘေးဒုက္ခအပြင်းအထန်ကြုံတွေ့နေရတဲ့အချိန်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့အရပ်သားပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တာဟာ လူသားချင်းစာနာထောက်ထားမှုကင်းမဲ့တာလို့ အာရက္ခပြည်သူတွေကဆိုကြပါတယ်။
သဘာဝဘေးအန္တရာယ်ကြောင့် အိုးအိမ်စွန့်ခွာကာ အရေးပေါ်ရွှေ့ပြောင်းနေရတဲ့အပြင် စစ်ဘေးအန္တရာယ်ပါ ထပ်မံရင်ဆိုင်နေရတာကြောင့် ပြည်သူတွေဘေးကင်းလုံခြုံမှုကင်းမဲ့ပြီး ကိုယ်စိတ်နှစ်ပါးစိုးရိမ်ထိတ်လန့်မှုတွေပိုမြင့်တက်ကာ စားဝတ်နေရေးနဲ့ အသက်အန္တရာယ်နှစ်ထပ်ကွမ်း ဒုက္ခရောက်နေကြရတာဖြစ်ပါတယ်။


















