Border News Agency
မန္တလေး၊ဇူလိုင် ၁၅။
မန္တလေးတိုင်း၊ရမည်းသင်းမြို့နယ်နဲ့ ပျော်ဘွယ်မြို့မှာ ဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၇၁၃၅ ဘီလီယံတန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြားတွေနဲ့ဘိန်းဖြူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ က ဇူလိုင်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီရမည်းသင်းမြို့၊သီလဝ ၃ ရပ်ကွက်ရှိ နေအိမ်တအိမ်ကို ဇူလိုင်လ ၆ ရက်၊ ညပိုင်းကဝင်ရောက်ရှာဖွေရာကနေ ကျပ် ၃ ဒသမ ၅၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၂၃ ဒသမ ၄ သိန်းကို စတင်ဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။
အဲဒီအပြင် ဇူလိုင်လ ၇ ရက်နေ့မှာ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှာ ပူးပေါင်းပါဝင်သူ ၃ ဦးကို ရမည်းသင်းနဲ့ ပျော်ဘွယ်မြို့တွေမှာ ကား၊ ဆိုင်ကယ်တွေနဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
နောက်ပြီး ပျော်ဘွယ်မြို့မှာလည်း ကျပ်သိန်း ၂,၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၈ ဒသမ ၁၄ ကီလိုကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဖမ်းဆီးရမိတဲ့ တရားခံ ၄ ဦးကို သက်ဆိုင်ရာရဲစခန်းတွေမှာ မူးယစ်ဆေးဝါးဥပဒေနဲ့ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်တရားခံတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။










