Border News Agency
အိုမန်၊မေ ၂၉။
မဟာဗျူဟာမြောက်ဟော်မုဇ်ရေလက်ကြား ကုန်သွယ်ရေးလမ်းကြောင်းကိုထိန်းချုပ်ဖို့ အိုမန်နိုင်ငံနဲ့အီရန်နိုင်ငံတို့ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်အိုမန်နိုင်ငံကိုစစ်ရေးအရ ဗုံးကြဲတိုက်ခိုက်သွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြင်းပြင်းထန်ထန်ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ ဒီခြိမ်းခြောက်မှုဟာ နှစ်ပေါင်း ၂၀၀ ကျော်ကြာ အနီးကပ်မဟာမိတ်အဖြစ် ရပ်တည်ခဲ့တဲ့အိုမန်နိုင်ငံအပေါ် ပထမဆုံးအကြိမ် လူသိရှင်ကြား တင်းမာမှုဖြစ်ပွားလာတာလည်း ဖြစ်ပါတယ်။
အိမ်ဖြူတော်မှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးအတွင်းသတင်းထောက်တဦးရဲ့ မေးမြန်းမှုကို ဒေါ်နယ်ထရမ့်က ပြန်လည်ဖြေကြားရာမှာ ဟော်မုဇ်ရေလက်ကြားကို ဘယ်သူမှ လာပြီးထိန်းချုပ်လို့မရဘူး။
ဒါဟာ နိုင်ငံတကာရေပိုင်နက်ဖြစ်လို့ အိုမန်အနေနဲ့ တခြားနိုင်ငံတွေလိုပဲစည်းကမ်းတကျ နေထိုင်ရမယ်။မဟုတ်ရင်တော့သူတို့ကို ဗုံးကြဲခြေမှုန်းပစ်ရလိမ့်မယ်လို့ ပြောဆိုခဲ့တာပါ။
အဲ ဒီထုတ်ပြန်ချက်အပေါ် အစပိုင်းမှာထရမ့်အနေနဲ့ စကားမှားပြီး အီရန်အစားအိုမန်လို့ ပြောလိုက်တာဖြစ်နိုင်ကြောင်း အရပ်ရပ်က သုံးသပ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာအမေရိကန်နိုင်ငံခြားရေးဌာနကထရမ့်ရဲ့စကားအတိုင်းအိုမန်နိုင်ငံကို ရည်ညွှန်းတဲ့ စာသားမှတ်တမ်းကို လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
ကမ္ဘာ့ရေနံကုန်သွယ်မှု ၂၀ ရာခိုင်နှုန်းကျော် ဖြတ်သန်းနေတဲ့ ဟော်မုဇ်ရေလက်ကြားကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကအမေရိကန်-အစ္စရေး ပူးပေါင်းပြီး အီရန်ကိုတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အီရန်ဘက်က ဒီရေလမ်းကြောင်းကို ပိတ်ဆို့ထားပြီး သင်္ဘောတစီးကို ဒေါ်လာ ၂ သန်းအထိ အခွန်ကောက်ခံဖို့ ကြိုးပမ်းနေတာပါ။
အီရန်နဲ့ အိုမန်တို့ပူးပေါင်းပြီး ရေလက်ကြားကို ပူးတွဲထိန်းချုပ်ဖို့ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးဖို့ နီးစပ်နေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာအပြီးမှာ ထရမ့်က အခုလို ဒေါသတကြီး ခြိမ်းခြောက်လိုက်တာ ဖြစ်ပါတယ်။
နိုင်ငံတကာ ဥပဒေပညာရှင်တွေနဲ့ ဝေဖန်သူတွေကတော့ ထရမ့်ရဲ့ ပြောဆိုမှုကို လူမိုက်ဆန်တဲ့ လုပ်ရပ်အဖြစ် ပြစ်တင်ရှုတ်ချနေကြပြီး ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းအရ ဘယ်နိုင်ငံကိုမဆို စစ်ရေးအရ ခြိမ်းခြောက်ခွင့်မရှိဘူးလို့ ထောက်ပြထားပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အစ္စမေးလ် ဘာဂါအီကလည်း အမေရိကန်ရဲ့ ခြိမ်းခြောက်မှုကို ခံနေရတဲ့ အိုမန်နိုင်ငံနဲ့အတူ အပြည့်အဝ ရပ်တည်သွားမယ်လို့ ဒီနေ့ ကြာသပတေးနေ့မှာ တုံ့ပြန်ပြောဆိုထားပါတယ်။
တချိန်တည်းမှာပဲ ဟော်မုဇ်ရေလက်ကြားအနီးမှာ စစ်ရေးအရ ထိတွေ့တိုက်ခိုက်မှုတွေ ဆက်ရှိနေပြီး ရေဒါပိတ်ပြီး ဖြတ်သန်းဖို့ ကြိုးစားတဲ့ ဗြိတိန်ရေနံတင်သင်္ဘောအပါအဝင် သင်္ဘော ၄ စီးကို အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က သတိပေးပစ်ခတ်မှုတွေ လုပ်ခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်ဘက်က အီရန်နိုင်ငံ ဘန်ဒါအက်ဘတ်စ်လေဆိပ်အနီးကို တိုက်ခိုက်ခဲ့တာကြောင့်အီရန်ဘက်ကလည်းကူဝိတ်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။






