Border News Agency
ကျောက်တော်၊အောက်တိုဘာ ၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်၊သကြားကျေးရွာရှိ ဘုန်းကြီးကျောင်းနဲ့အရပ်သားပြည်သူတွေရဲ့ စိုက်ပျိုးခင်းတွေကို အောက်တိုဘာလ ၁ ရက်၊ဒီနေ့ နေ့လည်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သကြားကျေးရွာဘုန်းကြီးကျောင်းဆောင်ထိမှန်ပျက်စီးခဲ့ပေမယ့် သီတင်းသုံးနေတဲ့ရဟန်းသံဃာတော်တွေထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဘေးလွတ်ခဲ့ကြတာဖြစ်ပါတယ်။
အဲဒီအပြင်အရပ်သားတွေရဲ့ စိုက်ပျိုးခင်းတွေကိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ခရမ်းချဉ်ပင်တွေလည်းထိခိုက်ပျက်စီးခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာတင် အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ ကျောက်တော်၊ပုဏ္ဏားကျွန်း၊ရသေ့တောင် ၊ဝီရဌာနီ၊သံတွဲ၊ကျောက်ဖြူ မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီကျောက်တော်မြို့ အိန္ဒိယဈေးကို စက်တင်ဘာလ ၂၈ ရက်နေ့ကလည်း လေကြောင်းတိုက်ခိုက်လို့ အရပ်သားငါးဆယ်ဦးသေဆုံးခဲ့ပြီး ခြောက်ဆယ်ကျော်ဒဏ်ရာရခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်တပ်ဟာ မြေပြင်တိုက်ပွဲတွေမှာ အပြင်းအထန်စစ်ရှုံးနေတာကြောင့် စစ်ရေးနဲ့မသက်ဆိုင်တဲ့အရပ်သားတွေကို တမင်တကာရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားကာ စစ်ရာဇဝတ်မှုတွေဆက်တိုက်ကျူးလွန်နေတာဖြစ်ပါတယ်။

















