Border News Agency
မလေးရှား၊အောက်တိုဘာ ၂။
မလေးရှားနိုင်ငံရောက်မြန်မာဒုက္ခသည်တွေကို ပြန်လည်လွှဲပြောင်းပေးမယ့် အစီအစဉ်နဲ့ပတ်သက်ပြီးဆွေးနွေးဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဒီလအတွင်းမလေးရှားကိုသွားမယ်လို့ ရိုက်တာသတင်းကဖော်ပြပါတယ်။
မလေးရှားအစိုးရဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်က ကုလသမဂ္ဂနဲ့လူ့အခွင့်အရေးအဖွဲ့အစည်းတွေရဲ့ ကန့်ကွက်မှုတွေကြားမှ မြန်မာနိုင်ငံသားတထောင့်ငါးရာနီးပါးကို စစ်တပ်သင်္ဘောသုံးစီးနဲ့ ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။
ဒါဟာ ပထမအဆင့်ပဲရှိသေးတာဖြစ်ပြီး ဒုတိယအဆင့်အနေနဲ့ နောက်ထပ်မြန်မာနိုင်ငံသားသုံးထောင်ငါးရာကျော်ကို ထပ်မံလွှဲပြောင်းပေးဖို့ ပြင်ဆင်နေတယ်လို့လည်း မလေးရှားအစိုးရဘက်ကထုတ်ဖော်ပြောဆိုထားပါတယ်။
မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်က ပြန်လည်ပို့ဆောင်ရေးအတွက် အာဏာသိမ်းစစ်တပ်နဲ့ တိုက်ရိုက်ဆွေးနွေးသွားမှာလို့ဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်စစ်ပွဲတွေပြင်းထန်နေချိန်မှာ ဒုက္ခသည်တွေကိုပြန်လည်ပို့ဆောင်တာဟာ ဖမ်းဆီးနှိပ်စက်ခံရနိုင်ပြီး အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် မလေးရှားအစိုးရရဲ့ လုပ်ရပ်ပေါ်ဒေသတွင်း လူ့အခွင့်အရေးလှုပ်ရှားသူတွေက အပြင်းအထန်ဝေဖန်နေကြပါတယ်။






