Border News Agency
ဘင်္ဂလားဒေ့ရှ်၊ဇွန် ၃။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊စိန့်မာတင်ကျွန်းအနီး ဘင်္ဂလားပင်လယ်အော်အတွင်းမှာ မြန်မာနိုင်ငံသို့ပို့မယ့် ဘိလပ်မြေအိတ် ၁,၇၀၀ အတူ စက်လှေနှစ်စီးနဲ့ မှောင်ခိုသမား ၂၀ ဦးကို ဘင်္ဂလားဒေ့ရှ်ရေတပ်က ဇွန်လ ၂ ရက်နေ့ကဖမ်းဆီးလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ရေတပ်က ကင်းလှည့်နေစဉ်အတွင်းစိန့်မာတင်ကျွန်း မီးပြတိုက်နဲ့ ၁၉ မိုင်ခန့်အကွာ ပင်လယ်ပြင်မှာ သံသယဖြစ်ဖွယ် သစ်သားငါးဖမ်းစက်လှေနှစ်စီးကို တွေ့ရှိခဲ့တာကြောင့် လိုက်လံဖမ်းဆီးခဲ့ရာ Ma-2နဲ့ Nishan-2 လို့ အမည်ရတဲ့ စက်လှေတွေကို ဟန့်တား စစ်ဆေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီစက်လှေတွေကို ရှာဖွေစစ်ဆေးရာမှာ Ma-2 စက်လှေပေါ်ကနေ ဘိလပ်မြေ ၉၀၀ အိတ်နဲ့ Nishan-2 စက်လှေပေါ်ကနေ ၈၀၀ အိတ်၊စုစုပေါင်း ဘိလပ်မြေ ၁,၇၀၀ အိတ်ကို ရှာဖွေတွေ့ရှိပြီး သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့တယ်လို့ဆိုပါတယ်။
အဲဒီ ဘိလပ်မြေတွေကို မြန်မာနိုင်ငံဘက်ကို မှောင်ခိုတင်ပို့ဖို့သယ်ဆောင်လာတာလို့ ဖမ်းဆီးရမိတဲ့ မှောင်ခိုအဖွဲ့ဝင် ၂၀ ဦးက ဝန်ခံထွက်ဆိုထားကြပါတယ်။
အဲဒီဖမ်းဆီးရမိထားတဲ့ မှောင်ခိုသမားတွေနဲ့ သိမ်းဆည်းရမိတဲ့ ဘိလပ်မြေတွေကို ဥပဒေအရ ထိရောက်စွာ အမှုဖွင့် အရေးယူနိုင်ဖို့အတွက် တက်ကနက်ဖ်ရဲစခန်းကိုလွှဲပြောင်းထားတယ်လို့ ဆိုပါတယ်။




