Border News Agency
အမေရိကန်၊ ဇွန် ၃။
အမေရိကန်စစ်တပ်ဟာ အီရန်နိုင်ငံ၊ ကွတ်ရှမ်ကျွန်းပေါ်က အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ စစ်အခြေစိုက်စခန်းတွေကို ကိုယ်ပိုင်ခုခံကာကွယ်ပိုင်ခွင့်အရ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အယ်လ်ဂျာဇီးယားသတင်းမှာ ဖော်ပြထားပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က အီရန်ဘက်ကနေ ဒေသတွင်းမဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ကူဝိတ်နဲ့ ဘာရိန်းနိုင်ငံတွေဘက်ကို ဒရုန်းတွေ၊ ဘာလစ်စတစ်မစ်ဆိုင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် တုံ့ပြန်ခဲ့တာဖြစ်ပြီး အမေရိကန်နဲ့ ဘာရိန်းလေကြောင်းရန်ကာကွယ်ရေးစနစ်တွေက မစ်ဆိုင်းတွေကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အခုလိုနှစ်ဖက်စစ်ရေးအရ အပြန်အလှန်ပစ်ခတ်မှုတွေရှိနေပေမယ့်လည်း အမေရိကန်နဲ့ အီရန်အကြားရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဟာ ပျက်ပြားသွားတာမရှိဘဲ ဆက်လက်တည်မြဲနေဆဲဖြစ်သလို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလည်း အဆက်မပြတ် ဆက်လက်လုပ်ဆောင်နေတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သူရဲ့ Truth Social လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပြောကြားထားပါတယ်။
တဖက်မှာလည်း လက်ဘနွန်တောင်ပိုင်းက စစ်မျက်နှာပြင်မှာတော့ အမေရိကန်သမ္မတထရမ့်က အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာအကြား တိုက်ပွဲတွေရပ်တန့်ဖို့ကြေညာထားခဲ့ပေမယ့် အစ္စရေးစစ်တပ်ကတော့ လက်ဘနွန်တောင်ပိုင်း ဆိုင်ယာမြို့အပါအဝင် မြို့ရွာတွေကို ပြင်းထန်တဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်လက်လုပ်ဆောင်နေတာကြောင့် ပြီးခဲ့တဲ့အင်္ဂါနေ့တခုတည်းမှာတင် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။
အခုလိုအရှေ့အလယ်ပိုင်းဒေသတွင်းမှာ အမေရိကန်၊ အီရန်နဲ့ အစ္စရေးတို့အကြား စစ်ရေးပဋိပက္ခတွေ ပြန်လည်ပြင်းထန်လာပြီး သံတမန်ရေးအရ တိကျတဲ့အဖြေတခု မထွက်ပေါ်သေးတာကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးကွက်မှာ ဘရန့်ရေနံစိမ်းရဲ့ ဈေးနှုန်းဟာ ၁ ရာခိုင်နှုန်းကျော် မြင့်တက်သွားပြီး တပီပါကို ၉၇ ဒေါ်လာကျော်အထိ စံချိန်တင်မြင့်တက်သွားခဲ့တယ်လို့ သိရပါတယ်။






