Border News Agency
မလေးရှား၊ဇွန် ၂၇။
မလေးရှားနိုင်ငံ၊ဂျိုဟိုးပြည်နယ်၊စကူဒိုင်းဒေသမှာ ဇွန်လ ၂၆ ရက်၊မနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်တဲ့ နိုင်ငံခြားသားတွေကို စီးနင်းစစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား ၂၇ ဦးအပါအဝင် နိုင်ငံခြားသား စုစုပေါင်း ၅၀ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
အဲဒီစီးနင်းမှုကို ပြည်သူတွေရဲ့ တိုင်ကြားချက်နဲ့ စောင့်ကြည့်ထောက်လှမ်းမှုတွေအရ နိုင်ငံခြားသားတွေကို တရားမဝင်ငှားရမ်း ခိုလှုံခွင့်ပေးထားတဲ့ လုပ်ငန်းခွင်တွေကို ပစ်မှတ်ထား စစ်ဆေးခဲ့တာပါ။
အဲဒီလို စစ်ဆေးခံရတဲ့အထဲမှာ စားသောက်ဆိုင်တွေ၊ကားဝေါ့ရှ်နဲ့ ဆေးသုတ်အလုပ်ရုံတွေအပြင် အုန်းသီးပြုပြင်ထုတ်လုပ်ရေးစင်တာနဲ့ အေးခဲကြက်သားရောင်းတဲ့ ဆိုင်ခန်းတွဲတွေ ပါဝင်ပြီး တရားမဝင်လုပ်သား ငှားရမ်းထားတဲ့ မလေးရှားနိုင်ငံသား မန်နေဂျာ ၄ ဦးကိုလည်းဖမ်းဆီးခဲ့ပါတယ်။
အဲဒီ ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသား ၅၀ ဦးထဲမှာ မြန်မာနိုင်ငံသား အမျိုးသား ၂၀ ဦး၊အမျိုးသမီး ၇ ဦး၊ဗီယက်နမ် ၁၀ ဦး၊ အင်ဒိုနီးရှား ၁၀ ဦး၊ ပီရူး ၁ ဦး၊ သီရိလင်္ကာ ၁ ဦးနဲ့ အိန္ဒိယနိုင်ငံသား ၁ ဦးတို့ ဖြစ်ကြပါတယ်။
အဲဒီဖမ်းဆီးခံရသူအားလုံးဟာ အသက် ၁၀ နှစ်ကနေ ၄၅ နှစ်ဝန်းကျင်အတွင်း ရှိကြသူတွေဖြစ်ကြပြီး သူတို့ကို ဥပဒေအရအရေးယူဆောင်ရွက်သွားမယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးရုံးကထုတ်ပြန်ထားပါတယ်။



















