Border News Agency
လက်ဘနွန်၊ ဇွန် ၂၇။
ကာလရှည်ရန်ဘက်တွေဖြစ်ကြတဲ့ အစ္စရေးနဲ့လက်ဘနွန်နိုင်ငံကြား ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်ဖို့ ဦးတည်တဲ့သုံးပွင့်ဆိုင် မူဘောင်သဘောတူညီချက်တစ်ခုကို အမေရိကန်နိုင်ငံနဲ့အတူ ဇွန်လ ၂၆ ရက်နေ့က ဝါရှင်တန်မှာလက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ဝါရှင်တန်မှာငါးကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ကြတဲ့ရလဒ်ဖြစ်တဲ့ ဒီသဘောတူညီချက်ထဲမှာ အစ္စရေးဘက်ကသိမ်းပိုက်ထားတဲ့နယ်မြေနှစ်ခုကို လက်ဘနွန်စစ်တပ်က လွှဲပြောင်းရယူမယ့် ရှေ့ပြေးစီမံကိန်းနဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ကို လက်နက်ဖြုတ်သိမ်းရေး ဦးတည်တဲ့ လုပ်ငန်းစဉ်တွေ ပါဝင်နေပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဒီသဘောတူညီချက်ဟာရေရှည်ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် မူဘောင်စတင်ချမှတ်လိုက်တာဖြစ်ပြီး ရှေ့မှာ လုပ်စရာတွေအများကြီးရှိသေးတယ်လို့ ပြောကြားခဲ့ပါတယ်။
အဲဒီအပြင် အမေရိကန်ဆိုင်ရာ လက်ဘနွန်သံအမတ်ကြီးကလည်း ဒါဟာ အချုပ်အခြာအာဏာပြန်ရဖို့နဲ့ တိုက်ခိုက်မှုတွေ အပြီးတိုင်ရပ်စဲဖို့ ပထမဆုံးခြေလှမ်းဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန်ဆိုင်ရာ အစ္စရေးသံအမတ်ကြီး ယီချီရယ်လိုက်တာကလည်း ယခုသဘောတူညီချက်အရ လက်ဘနွန်ကအီရန်ရောဟစ်ဇ်ဘိုလာပါ ထွက်သွားရပြီဖြစ်လို့ အစ္စရေးနဲ့လက်ဘနွန်ကြား ငြိမ်းချမ်းရေးလမ်းစပွင့်သွားပြီလို့ ပြောကြားခဲ့ပါတယ်။







