Border News Agency
ကာတာ၊ ဇွန် ၃၀။
ပါရှန်ကွေ့ဒေသမှာ စစ်ရေးအရအပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေပေမယ့် အမေရိကန်နဲ့အီရန်ကြား သံတမန်ရေးလမ်းကြောင်းပျက်မသွားဘဲ လာမယ့်အင်္ဂါနေ့မှာ ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ တွေ့ဆုံဆွေးနွေးကြမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၂၉ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
သမ္မတထရမ့်က အီရန်ဘက်ကဆွေးနွေးဖို့တောင်းဆိုလာလို့ မနက်ဖြန် ဒိုဟာမှာတွေ့မယ်လို့ ပြောဆိုခဲ့ပေမယ့် အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဇင်ဂါရီဘာဘာဒီကတော့ အမေရိကန်ဘက်က ကတိမတည်သရွေ့ ဒီဆွေးနွေးပွဲကိုအတည်မပြုနိုင်ကြောင်း ချက်ချင်းငြင်းဆိုခဲ့လို့ ထုတ်ပြန်ချက်နှစ်ခုကွဲလွဲနေတာပါ။
ဒါပေမယ့်အမေရိကန်အိမ်ဖြူတော်ကတော့ ဆွေးနွေးပွဲအတွက် အထူးသံတမန်စတိဗ်ဝစ်ကော့ဖ်နဲ့ ထရမ့်ရဲ့သမက်ဂျာရက်ကွတ်ရှ်နာတို့ ဦးဆောင်တဲ့ အဆင့်မြင့်အဖွဲ့ကို စေလွှတ်ဖို့ပြင်ဆင်နေပြီး ဘေးပန်းမှာလည်း နည်းပညာပိုင်းဆိုင်ရာဆွေးနွေးမှုတွေဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။
နှစ်ဖက်စလုံးဟာ စစ်ပွဲရပ်တန့်ဖို့ ရက်ပေါင်း ၆၀ ကြာ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးထားကြတာဖြစ်ပြီး အစ္စရေးရဲ့ လက်ဘနွန်အပေါ် ဆက်လက်တိုက်ခိုက်မှုတွေနဲ့ အီရန်ဘက်က ဟော်မုဇ်ရေလက်ကြားကို အတင်းထိန်းချုပ်ဖို့ကြိုးပမ်းမှုတွေကြောင့် အခုလို စစ်ရေးအရ အပြန်အလှန်လက်တုံ့ပြန်ပွဲတွေ ဖြစ်ပွားခဲ့ရတာပါ။
အဲဒီလိုတင်းမာမှုတွေရှိနေပေမယ့် သံတမန်ရေးအရ ဆွေးနွေးဖို့ကြိုးပမ်းနေဆဲဖြစ်ပြီး အိမ်ဖြူတော်ဘက်ကတော့ အီရန်အနေနဲ့ အရပ်ဘက်သင်္ဘောတွေကို ထပ်မံတိုက်ခိုက်ရင် ပြင်းပြင်းထန်ထန်တုံ့ပြန်မယ်လို့ သတိပေးထားသလို တဖက်မှာလည်း အီရန်အပေါ် ပိတ်ဆို့မှုလျှော့ချပေးလို့ အမေရိကန်ပြည်တွင်း ဓာတ်ဆီဈေးပြန်ကျလာတာကို ထရမ့်ကသဘောကျနေတယ်လို့ သိရပါတယ်။










