Border News Agency
နေပြည်တော်၊ဇူလိုင် ၁။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေဟာအပြည့်အဝကောင်းမွန် နေပြီး ပုံမှန်ဆေးစစ်မှုတွေလည်း လုပ် ဆောင်ပေးနေတယ်လို့ အာဏာသိမ်းစ စ်တပ်ပြောရေးဆိုခွင့်ရှိသူဒေါက်တာ ခိုင်ခိုင်စိုးက ဇွန်လ ၃၀ ရက်နေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အဲဒီအပြင် အာဆီယံအထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံခွင့်ပေးဖို့ ရှိ၊ မရှိမေးမြန်းချက်အပေါ်မှာတော့ သူမဟာ တရားရုံးအမိန့်အရ ပြစ်ဒဏ်ကျခံနေရသူဖြစ်လို့ ဥပဒေအတိုင်း ပြစ်ဒဏ်ကျခံပြီးမှပဲ တွေ့ဆုံခွင့်ရနိုင်မယ်လို့ ဒေါက်တာခိုင်ခိုင်စိုးက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း (Kim Aris)အပါအဝင် မြန်မာတနိုင်ငံလုံးက ပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကပါ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်တွေ့ဆုံခွင့်ရဖို့၊ အဆက်အသွယ်လုပ်ခွင့်ပေးဖို့နဲ့ ချက်ချင်းလွှတ်ပေးဖို့ အစဉ်တစိုက် အပြင်းအထန် တောင်းဆိုနေကြတာပါ။
အာဏာသိမ်းစစ်တပ်က ကျန်းမာရေးကောင်းမွန်ကြောင်း ဝါဒဖြန့်ပြောနေပြီး ထောင်ဒဏ်လျှော့ပေါ့မှုတွေ လုပ်ဆောင်ပြနေပေမယ့် မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာရဲ့ တွေ့ဆုံခွင့် တောင်းဆိုချက်တွေကိုတော့ တကြိမ်တခါမျှ တုံ့ပြန်တာမရှိသေးပါဘူး။
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတဝှမ်း စစ်ရေးရှုံးနိမ့်နေပြီး သံတမန်ရေးအရ အထီးကျန်ဖြစ်နေတာကြောင့် သူတို့အုပ်ချုပ်ရေး တရားဝင်မှုရရှိစေဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို နိုင်ငံရေးအမြတ်ထုတ်ခုတုံးလုပ်ဖို့ ကြိုးပမ်းနေတာလို့ မြေပြင်နိုင်ငံရေးလေ့လာသူတွေကဆိုကြပါတယ်။






