Border News Agency
ဧရာဝတီ၊ဇူလိုင် ၁။
ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံ ကိန်းကို အကောင်အထည်ဖော်နိုင်ရင် မြန်မာနိုင်ငံတနိုင်ငံလုံးရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်တယ်လို့ အာဏာသိမ်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ဇွန်လ ၃၀ ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မြစ်ဆုံအနီးတဝိုက်မှာ ရေအားလျှပ်စစ်ထုတ်နိုင်မယ့်နေရာခုနှစ်နေရာရှိပြီး အဲဒီအထဲက မြစ်ညာမြစ်ဝှမ်းစီမံကိန်းတခုတည်းကတင် လျှပ်စစ်မဂ္ဂါဝပ်ငါးထောင်ခြောက်ရာထိ ထုတ်လုပ်နိုင်မှာဖြစ်လို့ တနိုင်ငံလုံး လျှပ်စစ်မီးရရှိနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် မကြာသေးခင်က အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်း မြစ်ဆုံစီမံကိန်း ပြန်စတင်ဖို့ ဆွေးနွေးခဲ့သလို လက်ရှိမှာဒေသခံတွေကို တွေ့ဆုံရှင်းလင်းတာတွေ လုပ်နေတယ်လို့လည်းဆိုပါတယ်။
အဲဒီ မြစ်ဆုံစီမံကိန်းဟာ ကချင်ပြည်က သဘာဝပတ်ဝန်းကျင်နဲ့ ဧရာဝတီမြစ်ကြောင်းစနစ်ကို ဆိုးရွားစွာ ထိခိုက်ပျက်စီးစေနိုင်တာကြောင့် မြန်မာပြည်သူတရပ်လုံးက နှစ်ပေါင်းများစွာကတည်းက ပြင်းပြင်းထန်ထန် ကန့်ကွက်လာခဲ့ကြတဲ့ စီမံကိန်းဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ နိုင်ငံတဝှမ်းစစ်ရေးအရ အဘက်ဘက်က အရေးနိမ့်နေပြီး ဘဏ္ဍာရေးနဲ့ စီးပွားရေးအရ အကျပ်အတည်းဆိုက်နေတာကြောင့် စစ်ရေးနဲ့ နိုင်ငံရေးအရ တရုတ်နိုင်ငံရဲ့ ထောက်ခံမှုကို ပိုမိုရရှိဖို့အတွက် ပြည်သူတွေအဆက်ဆက် ကန့်ကွက်ခဲ့တဲ့ မြစ်ဆုံစီမံကိန်းကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ နိုင်ငံရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လေ့လာသူတွေက ဝေဖန်ထောက်ပြနေကြပါတယ်။






