Border News Agency
ဗင်နီဇွဲလား၊ဇူလိုင် ၅။
ဗင်နီဇွဲလားနိုင်ငံမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့က ပြင်းအား ၇.၂ နဲ့၇.၅ အဆင့်ရှိတဲ့ အင်အားပြင်းငလျင် နှစ်ကြိမ်ဆင့် လှုပ်ခတ်ခဲ့တာကြောင့် သေဆုံးသူ ၂,၆၄၅ ဦးအထိ ရှိလာပြီး ပျောက်ဆုံးနေသူ ၃၈,၅၀၀ ကျော် ရှိနေတာကြောင့် သေဆုံးသူအရေအတွက် ဒီထက်မက ပိုတိုးလာနိုင်တယ်လို့ သိရပါတယ်။
ငလျင်ဒဏ်အဆိုးရွားဆုံးခံခဲ့ရတဲ့ ကမ်းခြေမြို့ဖြစ်တဲ့ လာဂွိုင်ရာမှာ အထပ်မြင့်အဆောက်အအုံများစွာ ပြိုကျပျက်စီးခဲ့ပြီး လက်ရှိမှာ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံစေတနာ့ဝန်ထမ်းတွေကအပျက်အစီးတွေကြားထဲကနေ ပိတ်မိနေသူတွေကို အပြင်းအထန် ရှာဖွေနေကြရဆဲ ဖြစ်ပါတယ်။
အိမ်ခြေမဲ့ဖြစ်သွားရတဲ့ သောင်းနဲ့ချီတဲ့ ပြည်သူတွေကတော့ မြို့တော် ကာရာကပ်စ်က ပန်းခြံတွေနဲ့ အများပြည်သူဆိုင်ရာ နေရာတွေမှာ ယာယီတဲထိုးပြီး ခိုလှုံနေကြရပါတယ်။
ငလျင်ဘေးလွတ်မြောက်လာသူတွေကတော့ အခုလို အရေးပေါ်အခြေအနေမှာ အစိုးရဆီက ဘာအကူအညီမှ မရရှိဘဲ စေတနာ့ဝန်ထမ်းတွေ၊ပုဂ္ဂလိကကုမ္ပဏီတွေနဲ့ နိုင်ငံတကာသံရုံးတွေဆီကသာ အကူအညီရနေတာဖြစ်ပါတယ်။
အစိုးရဟာ အိမ်ရာတွေကို စံချိန်စံညွှန်းမမီ ဆောက်လုပ်ခဲ့သလို နိုင်ငံတကာက လှူဒါန်းတဲ့ ပစ္စည်းတွေကိုလည်း အဂတိလိုက်စားပြီး ကိုယ်ကျိုးအတွက် ဖုံးဝှက်ထားတယ်လို့ စွပ်စွဲကာ အစိုးရအပေါ် ဒေါသထွက် မကျေမနပ် ဖြစ်နေကြပါတယ်။
ဒါပေမယ့် ယာယီသမ္မတဖြစ်သူ ဒဲလ်စီ ရိုဒရီဂွက်ဇ် (Delcy Rodriguez) ကတော့ အစိုးရရဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေအပေါ် ကာကွယ်ပြောဆိုထားပြီး ဒီထက်ပိုပြီး မြန်မြန်ဆန်ဆန် လုပ်ဆောင်ပေးနိုင်မှာမဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။







