Border News Agency
မောင်တော၊ဇူလိုင် ၅။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်၊ဂေါင်ညာရွာအနီးမှာ အာဏာသိမ်းစစ်တပ်ထောင်ထားခဲ့တဲ့ M-14 မြေမြှုပ်မိုင်းသုံးဆယ်ငါးလုံးကို ဇူလိုင်လ ၃ ရက်နေ့က အာရက္ခတပ်တော်က ရှင်းလင်းနိုင်ခဲ့ပါတယ်။
အာရက္ခတပ်တော်ရဲ့ မိုင်းရှင်းလင်းရေးအဖွဲ့ဟာ မောင်တောမြို့နယ်၊လဘော်ဇားတံတားနဲ့ ၁ ကီလိုမီတာအကွာမှာရှိတဲ့ နေရာကို မနက်ပိုင်းကစပြီး မိုင်းရှာဖွေရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၁ ရက်နေ့တုန်းကလည်း မောင်တောမြို့၊မြကန်သာဆည်နဲ့ ကားလမ်းမအနီးတဝိုက်မှာ အာဏာသိမ်းစစ်တပ် စွန့်ပစ်သွားတဲ့စစ်ကျန်မိုင်းခုနှစ်ဆယ်ရှစ်လုံးကို အာရက္ခတပ်တော်ကရှင်းလင်းပေးခဲ့ပါသေးတယ်။
အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲကာလအတွင်း ပြည်သူတွေသွားလာတဲ့ လမ်းတွေနဲ့ တောတောင်တွေထဲမှာ အရပ်သားတွေကိုပစ်မှတ်ထားပြီး မိုင်းတွေထောင်ထားခဲ့ပါတယ်။
အာရက္ခတပ်တော်ဟာ သူတို့ထိန်းချုပ်မြို့နယ်တွေမှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေပေမယ့် အရပ်သားပြည်သူတွေကတော့ မြေမြုပ်မိုင်းအန္တရာယ်တွေ၊ စစ်ကျန်လက်နက်အန္တရာယ်တွေကိုလည်း မကြာခဏကြုံတွေ့နေကြရသလို သေဆုံးဒဏ်ရာရထိခိုက်တာတွေ မကြာခဏဖြစ်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ မိုင်းအသိပညာပေးမှုတွေ၊မြေမြုပ်မိုင်းအန္တရာယ်ဟောပြောပွဲတွေကို ပြည်သူလူထုတွေကြားမှာ လုပ်ဆောင်နေပြီး မိုင်းအသိပညာဝေတာတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးတာတွေကို ပုံမှန်လုပ်ဆောင်နေပါတယ်။
ဒါပေမယ့်အာရက္ခပြည်သူတွေဟာ စစ်ကော်မရှင်တပ်ရဲ့ မိုင်းတွေ၊စစ်ကျန်လက်နက်အန္တရာယ်တွေကို မကြာခဏကြုံတွေ့နေကြရတာမို့ မိုင်းရှင်းလင်းပေးတာတွေ၊ မိုင်အသိပညာပေးတာတွေကို ပိုမိုဆောင်ရွက်ပေးဖို့ လိုအပ်နေသေးတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။






