Border News Agency
ဆိပ်သာ၊ ဩဂုတ် ၁၈။
ဆိပ်သာ၊ဟင်္သာတ၊ဇလွန်၊ ဘားအံ၊ မဒေါက်၊ ငါးသိုင်းချောင်းနဲ့ မအူပင်မြို့တို့မှာ မြစ်ရေတွေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်နေတယ်လို့ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက သြဂုတ်လ ၁၈ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
ဧရာဝတီမြစ်ရေဟာ ဆိပ်သာမြို့မှာ စိုးရိမ်ရေမှတ်အထက် ၁၀ လက်မခန့်ကျော်လွန်နေပြီး နောက်တရက်အတွင်း ပြန်ကျနိုင်သလို၊ဟင်္သာတနဲ့ ဇလွန်မြို့တို့မှာတော့ စိုးရိမ်ရေမှတ်အထက် ၁ ပေကျော်မှာ ဆက်လက်ရှိနေတာပါ။
အဲဒီအပြင်သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ စိုးရိမ်ရေမှတ်အထက် ၂ ပေကျော် ကျော်လွန်နေပြီး စစ်တောင်းမြစ်ရေကတော့ မဒေါက်မြို့မှာ ၁ ပေ ၁၀ လက်မခန့်ကျော်လွန်နေကာ နောက်တစ်ရက်မှာ ၂ လက်မခန့် ထပ်မံမြင့်တက်လာနိုင်ပါတယ်။
ငဝန်မြစ်ရေကလည်း ငါးသိုင်းချောင်းမြို့မှာ စိုးရိမ်ရေမှတ်အထက် ၅ လက်မခန့်ရောက်ရှိနေပြီး နောက်တစ်ရက်မှာ နည်းနည်းပြန်ကျနိုင်ပေမဲ့ စိုးရိမ်ရေမှတ်အထက်မှာပဲ ဆက်ရှိနေဦးမှာဖြစ်ပါတယ်။
အဲဒါကြောင့်မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းမှာနေထိုင်ကြသူတွေအနေနဲ့ ဘေးလွတ်ရာကိုရှောင်ရှားကြဖို့နဲ့ အထူးသတိထားနေထိုင်ကြဖို့ နှိုးဆော်ထားပါတယ်။






