Border News Agency
မန္တလေး၊ အောက်တိုဘာ ၂။
မန္တလေးတိုင်း၊ သာစည်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊မုံရွာမြို့တို့မှာ ငွေကျပ်နှစ်ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က အောက်တိုဘာလ ၂ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီမုံရွာမြို့၊ အိုးဘိုထောင်ရပ်ကွက်မှာရှိတဲ့ နေအိမ်တအိမ်ကို စက်တင်ဘာလ ၂၇ ရက်နေ့ကသတင်းအရ ဝင်ရောက်ရှာဖွေရာ အ
မျိုးသားလေးဦးနဲ့အတူ မော်တော်ယာဉ်တစီးကိုစစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
အဲဒီမော်တော်ယာဉ်ပေါ်ကနေ ဒေသကာလတန်ဖိုး ငွေကျပ်နှစ်ဒသမသုံးဆယ့်တဘီလီယံတန်ဖိုးရှိ ဘိန်းဖြူအလေးချိန်ခြောက်ဆယ်ခြောက်ကီလိုနဲ့ လက်ကိုင်ဖုန်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် စက်တင်ဘာလ ၂၉ ရက်နေ့ကလည်း သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးမှာ မော်တော်ဆိုင်ကယ်တစီးကို စစ်ဆေးရာကနေ အမျိုးသမီး နှစ်ဦးဆီက ကာလတန်ဖိုး ငွေကျပ်သိန်းလေးရာ့ရှစ်ဆယ်တန်ဖိုးရှိ စိတ်ကြွဆေးပြားနှစ်သောင်းလေးထောင်ပြားကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
အဲဒီဖမ်းဆီးခံရသူ အမျိုးသားလေးဦးနဲ့ အမျိုးသမီးနှစ်ဦးကို သက်ဆိုင်ရာရဲစခန်းအသီးသီးမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးဆိုင်ရာ ဥပဒေနဲ့အမှုဖွင့်ထားပြီးကွင်းဆက်တွေကို ဆက်လက်ဖော်ထုတ်နေတယ်လို့ဆိုပါတယ်။









