Border News Agency
ရန်ကုန်၊ အောက်တိုဘာ ၂။
ဈေးကွက်အတွင်းရောင်းချနေတဲ့ ကျားရိုင်းအမှတ်တံဆိပ်အပါအဝင် တိုင်းရင်းအားတိုးဆေးခြောက်မျိုးမှာ အနောက်တိုင်းဆေးတွေ ရောနှောပါဝင်နေတာမို့ ပြည်သူတွေအနေနဲ့မသုံးစွဲကြဖို့ ကျန်းမာရေးဝန်ကြီးဌာနကသတိပေးထားပါတယ်။
အဲဒီဆေးဝါးတွေဖြစ်တဲ့ကျားရိုင်းအမှတ်တံဆိပ် အကြောအားတိုးဆေး၊ဂုဏ်မာန်တထောင် အမှတ်တံဆိပ် ရွှေသက်စောင့်အားတိုးဆေးနဲ့ ကြာပန်းကြီး အမှတ်တံဆိပ်အမျိုးသားအားတိုးဆေးတို့ ဖြစ်ပါတယ်။
အဲဒီအပြင် 333 အမှတ်တံဆိပ် အမျိုးသားအားတိုးဆေး၊နေကြာပန်း အမှတ်တံဆိပ်အကြောအားတိုးဆေးနဲ့ တောင်တန်းအမှတ်တံဆိပ် အမျိုးသားအားတိုးဆေးတို့လည်း စံမညီဆေးဝါးတွေစာရင်းမှာပါဝင်နေပါတယ်။
အဲဒီဆေးဝါးတွေဟာ စစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်တဲ့အပြင် ပြည်သူတွေရဲ့ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်တာကြောင့် ဝယ်ယူသုံးစွဲတာမလုပ်ဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
ဆေးဝါးထုတ်လုပ်သူတွေနဲ့ ဆေးဆိုင်တွေအနေနဲ့လည်း မှတ်ပုံတင်ထားတာမရှိတဲ့ တိုင်းရင်းဆေးဝါးတွေနဲ့ စံမညီဆေးဝါးတွေကို ရောင်းချတာမလုပ်ကြဖို့လိုက်နာတာမရှိရင် တိုင်းရင်းဆေးဝါးဥပဒေပုဒ်မတွေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။











