Border News Agency
မဲဆောက်၊ အောက်တိုဘာ ၂။
ထိုင်းနိုင်ငံ၊တာ့ခ်ခရိုင်၊မဲဆောက်မြို့နယ်ရှိ ကာရာအိုကေဆိုင်တဆိုင်မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားခြောက်ဦးကို အောက်တိုဘာလ ၁ ရက်၊ ညပိုင်းမှာ ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
နိုင်ငံခြားသားတွေ တရားမဝင်အလုပ်လုပ်ကိုင်နေကြောင်းတိုင်ကြားချက်အရ ဝင်ရောက်စစ်ဆေးရာမှ တရားမဝင်ဝင်ရောက်မှု၊ အလုပ်သမားကတ်မရှိဘဲ အလုပ်လုပ်ကိုင်မှုတို့နဲ့ မြန်မာခြောက်ဦးအပြင် ဆိုင်ပိုင်ရှင်ထိုင်းနိုင်ငံသားကိုပါ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံရသူတွေကို ဥပဒေအတိုင်း အရေးယူဆောင်ရွက်နိုင်ဖို့အတွက် မဲဆောက်မြို့နယ် ရဲစခန်းသို့လွှဲပြောင်းထားပါတယ်။
အဲဒီအပြင် ပြီးခဲ့တဲ့စက်တင်ဘာလ ၃၀ ရက်နေ့ကလည်း မဲဆောက်စစ်ဆေးရေးဂိတ်မှာ တရားမဝင် ဝင်ရောက်လာသူ မြန်မာတ ဦးနဲ့ အခြားသူရဲ့ ပတ်စပို့နဲ့ ခရီးသွားလာသူ မြန်မာတဦးတို့ကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။
ထိုင်းနိုင်ငံမှာအာဏာပိုင်တွေကတရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ အလုပ်လုပ်ကိုင်ခွင့်ကတ်ပြားမရှိသူတွေကို မြို့နယ်အသီးသီးမှာ လိုက်လံစစ်ဆေးဖမ်းဆီးမှုတွေ ပိုမိုတင်းကြပ်စစ်ဆေးနေတာဖြစ်ပါတယ်။







