Border News Agency
မြောက်ဦး၊ အောက်တိုဘာ ၂။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊စိုက်ပျိုးရေးနဲ့ မွေးမြူရေးဌာနလက်အောက်ရှိ မြို့နယ်ရုံးတွေမှာလစ်လပ်နေတဲ့ ဒု-ကြီးကြပ်ရေးမှူး၊အငယ်တန်းစာရေး၊ရုံးအကူနဲ့ ဒု-စက်မောင်း စတဲ့ ရာထူးနေရာတွေအတွက် ဝန်ထမ်းသစ်တွေခေါ်ယူခန့်ထားသွားမယ်လို့ အောက်တိုဘာလ ၂ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီလျှောက်ထားလိုသူတွေဟာ အသက်ဆယ့်ရှစ်နှစ်ပြည့်ပြီး သုံးဆယ်ငါးနှစ်ထက်မကြီးသူတွေဖြစ်ရမှာဖြစ်ပြီး အလုပ်ခန့်အပ်ခံရရင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဌာနမှာ တာဝန်ထမ်းဆောင်နိုင်သူနဲ့ ဌာနကပြုလုပ်တဲ့ သင်တန်းတွေကို တက်ရောက်နိုင်သူတွေဖြစ်ရမှာပါ။
အဲဒီလျှောက်လွှာပုံစံတွေကို မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ရမ်းဗြဲ၊ သံတွဲ၊ ကျောက်ဖြူ၊ အမ်း၊ ပလက်ဝနဲ့ တောင်ကုတ်မြို့နယ်တွေရှိ စိုက်ပျိုးရေးဌာနခွဲရုံးတွေမှာ ထုတ်ယူနိုင်ပါတယ်။
အဲဒီလျှောက်လွှာတွေကို လာမယ့်အောက်တိုဘာလ ၁၇ ရက်နေ့၊ နောက်ဆုံးထားပြီး မိမိတို့သက်ဆိုင်ရာ မြို့နယ်စိုက်ပျိုးရေးဌာနခွဲ၊ မွေးမြူရေးဌာနခွဲနဲ့ စက်မှုလယ်ယာဌာနခွဲရုံးတွေကို ပို့ဆောင်လျှောက်ထားကြရမှာဖြစ်ပါတယ်။
အငယ်တန်းစာရေး၊ ဒု-စက်မောင်း၊ ရုံးအကူနဲ့ ဒု-ကြီးကြပ်ရေးမှူး ရာထူးလျှောက်ထားသူတွေအနေနဲ့ လာမယ့်အောက်တိုဘာလ ၂၂ ရက်နေ့မှာ စာမေးပွဲဝင်ရောက်ဖြေဆိုကြရမှာဖြစ်ပြီး စာမေးပွဲအောင်မြင်သူတွေကို အောက်တိုဘာလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာပေးသွားမယ်လို့ ဆိုပါတယ်။
အဲဒီနောက်စာမေးပွဲအောင်မြင်သူတွေကို လာမယ့်နိုဝင်ဘာလ ၂ ရက်နေ့မှာ သက်ဆိုင်ရာမြို့နယ်ရုံးတွေမှာ လူတွေ့နှုတ်မေးစာမေးပွဲ စစ်ဆေးသွားမှာဖြစ်ပါတယ်။










