Border News Agency
ပုဏ္ဏားကျွန်း၊ အောက်တိုဘာ ၂။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတချို့မှာ ကူညီကယ်ဆယ်ရေးထောက်ပံ့မှုတွေ အပိတ်ခံထားရတာမို့ စားဝတ်နေရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းဆယ်ခုမှာ ကူညီကယ်ဆယ်ရေးမရတာကြာပြီလို့ဆိုကြပါတယ်။
”ကယ်ဆယ်ရေးမရတာတော့ ကြာပါပြီ။ ဘာကြောင့်လဲဆိုပြီး စစ်ဘေးရှောင်စခန်းတာဝန်ခံတွေကိုမေးကြည့်တော့ ကျမတို့စစ်ဘေးရှောင်စခန်းဟာ ကယ်ဆယ်ရေးအပိတ်ခံထားရတယ်လို့ ပြောပါတယ်။ ဘာကြောင့်အပိတ်ခံရတာလဲဆိုတာကိုတော့ကျမတို့ မသိပါဘူး။” လို့ ပုဏ္ဏားကျွန်းမြို့နယ်ရှိစစ်ဘေးရှောင်အမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီလိုကူညီကယ်ဆယ်ထောက်ပံ့မှုတွေအပိတ်ခံထားရသလို ဒေသတွင်းဆန်ဈေးနဲ့ အထွေထွေကုန်ဈေးနှုန်းတွေမြင့်တက်လာနေတာကြောင့် စစ်ဘေးရှောင်တွေမှာ အငတ်ဘေးနဲ့ရင်ဆိုင်ရမယ့်အခြေအနေသို့ ရောက်ရှိနေကြတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။
”အရင်ကဆိုရင်နှစ်လတကြိမ်၊ သုံးလတကြိမ် ငွေကြေးထောက်ပံ့ပါတယ်။ ခုက မထောက်ပံ့တာကြာပါပြီ။ ဒီကြားထဲ ဆန်ဈေးက တက်လာတော့ အရင်ကတရက်စာဟာ ဒီနေ့တနပ်စာဖြစ်လာတယ်။ မသေရုံတမည် ဖြတ်သန်းနေကြရတာမလို့ စစ်ဘေးရှောင်တွေကို လှည့်ကြည့်ပေးကြပါ။” လို့ စစ်ဘေးရှောင် အမျိုးသားတဦးက Border News Agency ကိုပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်ကြောင့် စစ်တွေမြို့နယ်မှဒေသခံအများအပြားဟာ ပုဏ္ဏားကျွန်းမြို့နယ်သို့ စစ်ဘေးရှောင်အဖြစ် ဆက်တိုက်တိမ်းရှောင်လာနေကြရတာဖြစ်ပါတယ်။
အဲဒီစစ်ဘေးရှောင်တွေမှာ စားနပ်ရိက္ခာကူညီထောက်ပံ့မှုတွေ အရေးပေါ် လိုအပ်နေသလို မိုးရာသီကာလနေထိုင်ရေးနဲ့ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင်အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့နေကြရတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။







