Border News Agency
ကျောက်တော်၊ အောက်တိုဘာ ၂။
အာဏာသိမ်းစစ်တပ်ဟာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ အရပ်သားနေရာတွေကို ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်နေတာကြောင့် ပြည်သူတွေဘေးကင်းလုံခြုံမယ့်နည်းလမ်းတွေကို စနစ်တကျလိုက်နာဆောင်ရွက်သင့်ပါတယ်။
၁။ဗုံးမကြဲမီကြိုတင်ပြင်ဆင်ထားရမယ့်အချက်တွေ…။
ဗုံးခိုကျင်း/ကတုတ်ကျင်းတွေကြိုတင်တူးထားပါ။
မိမိအိမ်ဝင်း သို့မဟုတ် အနီးဝန်းကျင်မှာ အနက် ၄ ပေမှ ၅ ပေခန့်ရှိတဲ့ ဗုံးခိုကျင်းတွေကို ကြိုတင်တူးဖော်ထားပါ။
ကျင်းအပေါ်မှ သစ်သား၊သဲအိတ် သို့မဟုတ် မြေကြီးတွေနဲ့ခိုင်ခံ့အောင် ဖုံးအုပ်ထားပါ။
အရေးပေါ်အသက်ကယ်အိတ် (Emergency Bag) ပြင်ထားပါ။
အရေးပေါ်ထွက်ပြေးရပါက ချက်ချင်းယူဆောင်နိုင်ထို့အတွက် သောက်ရေ၊ အခြောက်အခြမ်း အစားအစာ၊ရှေးဦးသူနာပြု ဆေးဝါးတွေ၊မီးအိမ်/ဓာတ်မီး၊ ဖုန်းနဲ့ အရေးကြီး စာရွက်စာတမ်းတွေကို အိတ်တလုံးထဲမှာ အဆင်သင့်စုစည်းထားပါ။
သတင်းအချက်အလက်ကို စောစောစီးစီးနားစွင့်ပါ။
ဒေသတွင်း လေကြောင်းရန်သတိပေးချက်တွေ၊ဥဩဆွဲသံတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ သတိပေးထုတ်ပြန်ချက်တွေကို ဂရုစိုက်နားစွင့်ပါ။
၂။ လေကြောင်းတိုက်ခိုက်ခံရချိန် (အရေးပေါ် ပြုလုပ်ဖို့ အချက်တွေ)
ဝပ်၊ကာ၊ကိုင် (Drop, Cover, Hold)
လေယာဉ်သံကြားရတာနဲ့ဟင်းလင်းပြင် သို့မဟုတ် လမ်းမပေါ်မှာ ရပ်မကြည့်ပါနဲ့။
မြေပြင်ပေါ်သို့ ချက်ချင်းမှောက်လျက်ဝပ်ပါ။
လက်နှစ်ဖက်နဲ့ခေါင်းနဲ့ဂုတ်ကို ကာထားပါ။
ပါးစပ်ကိုနည်းနည်းဟထားပြီး နားကိုပိတ်ထားပါ (ဗုံးပေါက်ကွဲတဲ့ လေလှိုင်းကြောင့် နားစည်ကွဲတာနဲ့ အဆုတ်ဒဏ်ရာရတာမှ ကာကွယ်ပေးပါတယ်)။
အဆောက်အအုံအတွင်းရှိနေပါက မှန်ပြတင်းပေါက်တွေ၊တံခါးတွေနဲ့ဝေးရာမှာ နေပါ။
တိုက်အဆောက်အအုံဖြစ်ပါက အောက်ဆုံးထပ်သို့မဟုတ် နံရံခိုင်ခံ့တဲ့ ထောင့်တွေ၊အိမ်သာ၊စီးကရက်တန်းတွေအောက်မှာ ခိုလှုံပါ။
တောတောင်/စိုက်ခင်းတွေမှာရောက်ရှိနေရင်သဘာဝ မြောင်းတွေ၊ချောက်ကမ်းပါးတွေ သစ်ပင်ကြီးတွေနဲ့နောက်ကွယ်မှာ ခိုလှုံပါ။
၃။ဗုံးကြဲပြီးနောက် ဆောင်ရန်/ရှောင်ရန် အချက်တွေ…။
ချက်ချင်းအပြင်သို့ မထွက်ပါနဲ့။
လေကြောင်းတိုက်ခိုက်မှုအများစုဟာ တကြိမ်မကပြန်လာလေ့ရှိတာကြောင့် လေယာဉ်သံငြိမ်သက်သွားတဲ့တိုင်အောင် အနည်းဆုံး မိနစ် ၂၀ ခန့် ငြိမ်ငြိမ်သက်သက်စောင့်ဆိုင်းပါ။
မပေါက်ကွဲသေးတဲ့ ဗုံးသီးတွေကို လုံးဝမကိုင်ပါနဲ့
မြေပြင်မှာကျန်ရစ်ခဲ့တဲ့ မပေါက်ကွဲသေးတဲ့ဗုံးသီးတွေ၊လက်နက်အပျက်အစီးတွေကို အနီးကပ်ကြည့်ရှုတာ သို့မဟုတ် ကိုင်တွယ်တာ လုံးဝမပြုလုပ်ပါနဲ့။
မီးဘေးနဲ့ ဓာတ်လိုက်မှု အန္တရာယ်ဂရုစိုက်ပါ။
ဗုံးထိမှန်ထားတဲ့ အဆောက်အအုံတွေအတွင်းသို့ ချက်ချင်းမဝင်ပါနဲ့။
ဓာတ်ကြိုးပြတ်ကျမှုနဲ့ မီးလောင်မှုအန္တရာယ်တွေကို သတိထားပါ။
အဲဒီအပြင်လေကြောင်းတိုက်ခိုက်မှုခံရတဲ့နေရာတွေကို စက္ကန့်ပိုင်းအတွင်း သွားရောက်ကြည့်ရှုတာနဲ့ ဓာတ်ပုံ၊ဗီဒီယို ရိုက်ကူးတာတွေကို လုံးဝမလုပ်ကြဖို့လိုပါတယ်။
ဘာကြောင့်လဲဆိုရင်အာဏာသိမ်းစစ်တပ်ဟာ ပထမတကြိမ်ဗုံးကြဲပြီးနောက် ကူညီကယ်ဆယ်ရေးလာရောက်သူတွေနဲ့ စုဝေးကြည့်ရှုသူတွေကိုပစ်မှတ်ထားပြီး ဒုတိယတကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်လေ့ရှိတာကြောင့် ဖြစ်ပါတယ်။
အဲဒါကြောင့်ပြည်သူတွေဟာ လေကြောင်းရန်အန္တရာယ်သတိပေးချက်တွေကို စနစ်တကျလိုက်နာဆောင်ရွက်ကြပြီး ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေနဲ့သက်ဆိုင်ရာ တာဝန်ရှိသူတွေထုတ်ပြန်တဲ့ အရေးပေါ် ညွှန်ကြားချက်တွေကိုလည်း အထူးဂရုပြုစောင့်ကြည့်သွားကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။






