Border News Agency
ရန်ကုန်၊ အောက်တိုဘာ ၂။
မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား တထောင်လေးရာခုနှစ်ဆယ့်ခြောက်ဦးကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရေယာဉ်သုံးစီးနဲ့ ပြန်လည်ပို့ဆောင်လိုက်ရာ အောက်တိုဘာလ ၁ ရက်၊မနက်ပိုင်းမှာ မြန်မာ့ရေပိုင်နက်သို့ဝင်ရောက်လာပါတယ်။
အဲဒီမြန်မာနိုင်ငံသားတွေကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ စစ်သံရုံးတို့ကလွှဲပြောင်းယူခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၂၉ ရက် ညပိုင်းမှာမလေးရှားနိုင်ငံ လူမွတ်ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။
ပြန်လည်ပို့ဆောင်ခံရသူတွေမှာ မလေးရှားမှာတရားမဝင်နေထိုင်မှုနဲ့ အခြားစည်းကမ်းချက်တွေချိုးဖောက်မှုကြောင့် ပြစ်ဒဏ်ကျခံပြီးနောက် ထိန်းသိမ်းခံထားရသူတွေပါဝင်ပြီး၊ ရန်ကုန်သို့ရောက်ရင်သက်ဆိုင်ရာ နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်မယ်လို့ အာဏာသိမ်းစစ်တပ်ကဆိုပါတယ်။
ခုလိုမလေးရှားအစိုးရက မြန်မာနိုင်ငံသားတွေကို အာဏာသိမ်းစစ်တပ်ဆီပြန်လည်လွှဲပြောင်းပေးနေတဲ့ အစီအစဉ်အပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတွေက အပြင်းအထန် ကန့်ကွက်ဝေဖန်နေကြပါတယ်။

















