Border News Agency
ကျောက်တော်၊ အောက်တိုဘာ ၂။
ကျောက်တော်မြို့လေကြောင်းတိုက်ခိုက်ခံရမှုအပါအဝင် အရပ်သားပြည်သူတွေအပေါ် အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်နေတာတွေကို ချက်ချင်းရပ်တန့်ဖို့ ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ်တဆယ့်လေးခုရဲ့လွှတ်တော်တွေက အောက်တိုဘာလ ၂ ရက်၊ဒီနေ့ပူးတွဲ တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလ ၂၈ ရက်နေ့က ကျောက်တော်မြို့ အိန္ဒိယဈေးကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် လူအများအပြား အစုလိုက်အပြုံလိုက်ထိခိုက်သေဆုံးခဲ့ရပြီး ခုလိုမျိုးအရပ်သားသာမန်ပြည်သူတွေအပေါ် တိုက်ခိုက်မှုဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကိုပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့ဆိုပါတယ်။
အဲဒီအပြင်လေကြောင်းမှကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို နိုင်ငံတကာဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ရေး လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့လည်း တောင်းဆိုထားပါတယ်။
ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်း အရပ်သားပြည်သူတွေကို ထိရောက်စွာအကာအကွယ်ပေးရေး၊ လေကြောင်းတိုက်ခိုက်မှုတွေတားဆီးရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ လုံခြုံစွာရောက်ရှိနိုင်ရေးအတွက် အရေးတကြီး ဆောင်ရွက်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။
အဲဒီပူးတွဲထုတ်ပြန်ချက်ကို ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ မွန်၊ ရှမ်း အပါအဝင် ပြည်နယ်နဲ့ဖက်ဒရယ်ယူနစ် တဆယ့်လေးခုမှ လွှတ်တော်နဲ့ ကိုယ်စားပြုကော်မတီတွေက စုပေါင်းထုတ်ပြန်ခဲ့ကြတာဖြစ်ပါတယ်။







