Border News Agency
ကျုံဒိုး၊ အောက်တိုဘာ ၃။
ကရင်ပြည်၊ ကျုံဒိုးမြို့နယ်ရှိကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကလက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့အသက်သုံးဆယ်ခုနှစ်နှစ်အရွယ် အမျိုးသမီးတဦးသေဆုံးပြီးအမျိုးသားတဦးဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက အောက်တိုဘာလ ၂ ရက်နေ့ကထုတ်ပြန်ပါတယ်။
ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်ရှိကျေးရွာတွေထဲကို စက်တင်ဘာလ ၂၅ ရက်မှ ၃၀ ရက်နေ့ထိအာဏာသိမ်းစစ်တပ်ရဲ့ တပ်သစ်အမြှောက်ကုန်းနဲ့ အမတ (၃၁၂)တပ်ရင်းတို့မှ လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
အဲဒီလက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အသက်ခုနှစ်ဆယ်သုံးနှစ်အရွယ်အမျိုးသမီးတဦးသေဆုံးခဲ့ရပြီး အသက်နှစ်ဆယ့်ခြောက်နှစ်အရွယ်အမျိုးသားတဦးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ပြည်သူတွေရဲ့ နေအိမ်နှစ်လုံး၊ ရော်ဘာပင်ပေါင်းသုံးရာငါးဆယ်ကျော် ပျက်စီးခဲ့ရတဲ့အပြင် အိမ်မွေးဝက် တကောင်လည်း ဒဏ်ရာရရှိခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အာဆီယံ ဘုံသဘောတူညီချက်တွေကို လိုက်နာတာမရှိဘဲ နိုင်ငံတဝှမ်းရှိအရပ်သားပြည်သူတွေကို လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးတွေကို တိုက်ခိုက်တာ၊ဖမ်းဆီးသတ်ဖြတ်မှုတာတွေနဲ့စစ်ရာဇဝတ်မှုတွေကို နေ့စဉ် ကျူးလွန်နေတယ်လို့ဆိုပါတယ်။












