Border News Agency
ထိုင်း၊ဇူလိုင် ၄။
ထိုင်း-မြန်မာနယ်စပ်၊ချင်းမိုင်ခရိုင်၊မယ်အာဲမြို့နယ်ရှိသဘာဝနယ်စပ်လမ်းကြောင်းအနီးမှာ ထိုင်းတော်ဝင်ကြည်းတပ်၊ဖာမိူင်းစစ်ဆင်ရေးအဖွဲက မူးယစ်ဆေးဝါးမှောင်ခိုသယ်ဆောင်လာတဲ့ အဖွဲ့တခုကို ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဇူလိုင်လ ၄ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီ နယ်စပ်လမ်းကြောင်းအတိုင်း မသင်္ကာဖွယ် ကျောပိုးအိတ်တွေလွယ်ပြီး လမ်းလျှောက်ဝင်ရောက်လာတဲ့ လူ ၁၀ ဦးကနေ ၁၅ ဦးခန့်ပါဝင်တဲ့ မူးယစ်မှောင်ခိုအဖွဲ့ကို ထိုင်းအာဏာပိုင်တွေက သတင်းအရ စောင့်ဆိုင်းဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလို စောင့်ဆိုင်းချိန် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မူးယစ်အဖွဲ့ဘက်က ၄ ဦး သေဆုံးကာ ကျန်ရှိသူတွေ တောထဲကို ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်ကတော့ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘဲ အားလုံးဘေးကင်းခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီ နေရာကနေ စိတ်ကြွဆေးပြား၇၆၀,၀၀၀ ပြား၊ ဘိန်းဖြူ ၁၁ တုံး၊ ဘိန်းစိမ်း ၂၅.၆ ကီလိုဂရမ်ခန့်နဲ့ မူးယစ်ဆေးဝါးသယ်ဆောင်ဖို့ ပြုပြင်ဖန်တီးထားတဲ့ ကျောပိုးအိတ် ၁၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
ဖာမိူင်းစစ်ဆင်ရေးအဖွဲ့အနေနဲ့ နယ်စပ်တလျှောက် မူးယစ်ဆေးဝါးသယ်ဆောင်မှု ကွန်ရက်တွေကို ဖြတ်တောက်ဖို့နဲ့ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းတွေကို ဆက်လက်ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်။




















