Border News Agency
မကွေး၊ဇူလိုင် ၆။
မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်၊လယ်မကျေးရွာမှာ ကလေးငယ်လေးဦးအပါအဝင် ပြည်သူဆယ့်တဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်မှာပါဝင်ခဲ့သူ ပျူစောထီးတဦးကိုဒေသခံပြည်သူ့တော်လှန်ရေးအဖွဲ့ကဇူလိုင်လ ၆ ရက်၊ဒီနေ့ မနက်ပိုင်းမှာ အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီဖမ်းဆီးရမိသူဟာ ဂန့်ဂေါမြို့ပျူစောထီးခေါင်းဆောင် ဖိုးဇော်ရဲ့ တပည့်အရင်းဖြစ်သူ ချစ်စနိုးကို (ခ) မဲကြီး ဖြစ်ပြီး သူ့ကို ဂန့်ဂေါမြို့နယ်အတွင်းရှိ နေရာတခုမှာ ဒေသခံတော်လှန်ရေးအဖွဲ့ဖြစ်တဲ့ အထူးလှုပ်ရှားစစ်ကြောင်း(Black Dragon Force)က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊မေလ ၁၂ ရက်နေ့က ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ စစ်ကြောင်းနဲ့အတူ ပျူစောထီးတွေဟာလယ်မကျေးရွာကို ဝင်ရောက်ကာ ကလေးငယ်လေးဦး၊ပြည်သူ့တော်လှန်ရေးရဲဘော်တွေနဲ့ရွာခံပြည်သူ စုစုပေါင်းဆယ့်တဦးကိုအစုလိုက်အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
အဲဒီပျူစောထီး မဲကြီးဟာ အာဏာသိမ်းစစ်တပ်စစ်ကြောင်းတွေနဲ့အတူ လိုက်ပါကာ ထီးလင်းမြို့နယ်၊ရေမျက်နီရွာရှိ စစ်တပ်စခန်းသို့ ရိက္ခာပို့ဆောင်ရာရာ ပါဝင်ခဲ့သလို ဂန့်ဂေါမြို့အဝင် “We Love Gangaw” တံတားဂိတ်မှာလည်းသုံးလခန့်ကင်းစောင့် တာဝန်ထမ်းဆောင်ခဲ့သူလို့သိရပါတယ်။
အဲဒီအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တဲ့ ပျူစောထီး ချစ်စနိုးကို (ခ) မဲကြီးကို Black Dragon Force အဖွဲ့က ထိန်းသိမ်းထားပြီး ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့သိရပါတယ်။










