Border News Agency
သီရိလင်္ကာ၊ဇူလိုင် ၇။
သီရိလင်္ကာနိုင်ငံ၊ကိုလံဘိုမြို့အနီးက အကျဉ်းထောင်တခုမှာ ဇူလိုင်လ ၆ ရက်နေ့က ဆူပူအုံကြွမှုဖြစ်ပွားခဲ့လို့ အနည်းဆုံး လူနှစ်ဆယ့်ငါးဦးသေဆုံးပြီးတရာကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေမှာဖော်ပြပါတယ်။
အဲဒီ ကိုလံဘိုမြို့မြောက်ဘက် နီဂွန်ဘိုမြို့ရှိ အကျဉ်းထောင်မှာ ဇူလိုင်လ ၅ ရက်နေ့ကစပြီး ဆူပူမှုဖြစ်ပွားခဲ့တာဖြစ်ကာ သေဆုံး၊ ဒဏ်ရာရသူတွေထဲမှာအကျဉ်းသားတွေအပြင် ထောင်ဝန်ထမ်းတွေပါ ပါဝင်နေပါတယ်။
”အကျဉ်းသားတွေအချင်းချင်း ရန်ဖြစ်ကြတာကို ဝန်ထမ်းတွေက ဝင်ထိန်းဖို့ ကြိုးစားရင်း အတိုက်ခိုက်ခံခဲ့ရတာပါ။အကျဉ်းသားအချို့ ထောင်ဖောက်ပြေးဖို့ ကြိုးစားတာကိုလည်း အချိန်မီ တားဆီးနိုင်ခဲ့ပါတယ်။” လို့ အကျဉ်းထောင်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အဲဒီ ဒဏ်ရာရရှိသူတရာကျော်ကို ဒေသတွင်းဆေးရုံမှာတင်ထားရပြီး ဆူပူမှုဖြစ်ပွားရတဲ့ အဓိကအကြောင်းအရင်းကတော့ အကျဉ်းသား တသောင်းသာ ဆံ့တဲ့ သီရိလင်္ကာထောင်တွေမှာ လက်ရှိ လူဦးရေ သုံးသောင်းကိုးထောင်ကျော်အထိ ပြွတ်သိပ်ထားရှိတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။















