Border News Agency
ဧရာဝတီ၊ဇူလိုင် ၇။
ဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်အတွင်း သိမ်းပိုက်ရယူထားတဲ့ စခန်းကုန်းတွေကို အာဏာသိမ်းစစ်တပ်ကအပြင်းအထန် ပြန်လည်တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်(AA)က ဇူလိုင်လ ၇ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်းက ပွိုင့် ၂၈၈၊ ၁၈၈ နဲ့ ၁၄၈ ကုန်းတွေကို အာရက္ခတပ်တော်ကသိမ်းပိုက်ခဲ့ပြီးနောက် ဇူလိုင်လ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာလည်း ပွိုင့် ၂၂၇ ကာကင်းစခန်းကုန်းတွေကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလိုစခန်းကုန်းတွေ ဆုံးရှုံးသွားပြီးတဲ့နောက်မှာ အာဏာသိမ်းစစ်တပ်က တိုက်လေယာဥ်တွေ၊ဒရုန်းတွေအပြင် အဝေးပစ်လက်နက်ကြီးတွေကို အသုံးပြုပြီး အကြိမ်ကြိမ် ပြန်လည်တိုက်ခိုက်လာတာလို့ အာရက္ခတပ်တော်ကဆိုပါတယ်။
အဲဒီပွိုင့် ၂၂၇ ကုန်းကို သိမ်းယူပြီးတဲ့နောက် ထွက်ပြေးသွားတဲ့ အာဏာသိမ်းစစ်သားတွေကို လိုက်လံရှင်းလင်းတိုက်ခိုက်ရာကနေ ဇူလိုင်လ ၄ ရက်နေ့မှာ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့သေးတယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်က အလောင်းအချို့အပြင် လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့လည်းဆိုပါတယ်။






