Border News Agency
မြောက်ဦး၊ဇူလိုင် ၈။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်စစ်အာဏာ သိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခအတွင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ တိုးသထက်တိုး၊ဆိုးသထက်ဆိုးလာတယ်လို့ နိုင်ငံတကာဥပဒေရေးရာအဖွဲ့ (Legal Action Worldwide – LAW)က၂၀၂၅ ခုနှစ်၊ဇွန်လ ၂၄ ရက်နေ့ဖော်ပြပါတယ်။
ပြည်သူအပေါ် ခြောက်လှန့်ထိန်းချုပ်ဗျူဟာ
အဲဒီလိုလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေဟာ အာဏာသိမ်းစစ်တပ်သာမကဘဲ လက်နက်ကိုင်အဖွဲ့တွေလည်း ကျူးလွန်ကြတယ်လို့ (Legal Action Worldwide – LAW)က ဆိုပါတယ်။
အဲဒီလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို စစ်ပွဲအတွင်းမှာ ဗျူဟာအဖြစ် အသုံးပြုကြပြီး လူထုကို ခြောက်လှန့်ဖို့၊အပြစ်ပေးဖို့၊လူမှုအဖွဲ့အစည်းမတည်ငြိမ်မှုတွေဖြစ်ဖို့ ရည်ရွယ်ချက်တွေဟာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသဘောသဘာဝထဲမှာပါနေပါတယ်။
အဲဒီလိုလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ခံရသူတွေဟာ ရေရှည်မှာကိုယ်စိတ်နှစ်ပါးထိခိုက်မှု(Trauma)တွေကို ဖြစ်ကျန်ခဲ့တယ်လို့လည်း (Legal Action Worldwide – LAW)ဆိုထားပါတယ်။
အမျိုးသမီးတွေအပေါ် ဝန်ပိုပိမှု
ပဋိပက္ခတွေဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ အရေးကြီးတာက ပဋိပက္ခဟာ အမျိုးသားတွေကို စစ်မြေပြင်မှာ ရုပ်ပိုင်းဆိုင်ရာထိခိုက်နေချိန်မှာ အမျိုးသမီးတွေလည်း ကိုယ်စိတ်နှစ်ပါးထိခိုက်နာကျင်မှုတွေ အမျိုးသားတွေထက်နှစ်ဆပိုဝန်ပိ ခံစားနေကြရပါတယ်။
၂၀၂၁ ခုနှစ်စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ အမျိုးသမီးတွေဟာ ခင်ပွန်း ဒါမှမဟုတ် ပါတနာတွေဆီမှာ အိမ်တွင်းအကြမ်းဖက်ခံရမှုကို ပိုမိုရင်ဆိုင်လာရတယ်လို့လည်း ဆိုပါတယ်။
အလုပ်လက်မဲ့ဖြစ်မှု၊စီးပွားရေးအခွင့် အလမ်းတွေ မရှိမှုတွေကြောင့် လက်ထပ်ပွဲတွေပျက်သွားတာ၊ရိုးရာအစဉ်အလာသတ်မှတ်ချက်တွေပျက်ပြီးမျက်နှာ ပျက်ခံရတာတွေရှိသလို စီးပွားရေးအခြေအနေဆိုးဝါးမှုက အိမ်တွင်းအကြမ်း ဖက်မှုတွေကိုဆိုးဆိုးဝါးဝါးဖြစ်စေပြီး ဒီသံသရာဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေကို ပိုရိုက်ခတ်ပါတယ်။
အဲဒါကြောင့် မြန်မာနိုင်ငံက နိုင်ငံရေးအဖွဲ့အစည်းတွေ၊လက်နက်ကိုင်အဖွဲ့တွေဟာ ကိုယ်သွားမယ့် နိုင်ငံရေးလမ်းပြမြေပုံမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် လူအားလုံးအပေါ် အကာအကွယ်ပေးနိုင်ဖို့ လိုအပ်ပါတယ်။
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုကို နိုင်ငံတကာဖွင့်ဆိုချက်
ကုလသမဂ္ဂရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ “အမျိုးသမီးတဦးကို သူမရဲ့ပုဂ္ဂလလူမှုဘဝ ဒါမှမဟုတ် သူမရဲ့ အများဆိုင်ရာလူမှုဘဝရဲ့ လွတ်လပ်ခွင့်ကို ချုပ်နှောင်ကန့်သတ်တာ၊အတင်းအကျပ်ပြုလုပ်တာအပါအဝင် အမျိုးသမီးတဦးကို စိတ်ပိုင်း၊ရုပ်ပိုင်း၊လိင်ပိုင်းဆိုင်ရာထိခိုက်အောင်လုပ်တဲ့ လုပ်ရပ်တိုင်းဟာ အမျိုးသမီးအပေါ် အကြမ်းဖက်မှုဖြစ်ပါတယ်။
အဲဒီလုပ်ရပ်တွေကို လုပ်တဲ့အခါမှာလည်း သူမဟာ အမျိုးသမီးဖြစ်နေတဲ့အတွက် သူမကိုလုပ်တဲ့သဘောမျိုး၊အမြင်မျိုးလုပ်ရပ်တိုင်းဟာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုအဖြစ် ကုလသမဂ္ဂသတ်မှတ်တယ်လို့ WHO ရဲ့ ၂၀၂၆ ခုနှစ်၊ဇွန်လ ၁၈ ရက်နေ့ ဖော်ပြပါတယ်။
အဲဒီအပြင် WHO က အကြမ်းဖက်မှု ပုံစံတွေကို ထပ်ဖွင့်ဆိုပြထားပါတယ်။
လက်တွဲဖော်မှ အကြမ်းဖက်မှု (Intimate partner violence – IVP)
လက်ရှိလက်တွဲဖော်ကပဲဖြစ်ဖြစ်၊လက် တွဲဖော်ဟောင်းကပဲဖြစ်ဖြစ် အမျိုးသမီးတဦးအပေါ်မှာ စိတ်ပိုင်း၊ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာအရ ထိခိုက်နာကျင်အောင် ပြုလုပ်ပြောဆိုတဲ့ လုပ်ရပ်တိုင်းဟာ (IVP) အကြမ်းဖက်မှုထဲမှာ အကျုံးဝင်ပါတယ်။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုတာ ခံရသူနဲ့ ဘယ်လိုပဲ ပတ်သက်သူပဲဖြစ်ဖြစ်၊ တစိမ်းပဲဖြစ်ဖြစ်၊ သိတဲ့သူပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘယ်သူမဆို နိုင်ထက်စီးနင်းပြုလို့ ဒါမှမဟုတ် အကျပ်ကိုင်လို့ လိင်မှုကိစ္စအပေါ် ဦးတည်ရည်ရွယ်ချက်ရှိရှိ ပြုလုပ်တဲ့ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှု၊ လိင်မှုကိစ္စဖြစ်မြောက်ရန် ကြိုးပမ်းမှု ဒါမှမဟုတ် တခြားလုပ်ဆောင်မှုမှန်သမျှကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလို့ ဆိုပါတယ်။
ဒါမှာ အဓမ္မပြုကျင့်တာ (ရုပ်ပိုင်းဆိုင်ရာအရ အတင်းအဓမ္မပဲဖြစ်ဖြစ်၊ တခြားနည်းတခုခုနဲ့ အကျပ်ကိုင်လို့ပဲဖြစ်ဖြစ် မိန်းမကိုယ်အင်္ဂါ၊ စအိုအတွင်းသို့ လိင်တံ၊တခြားခန္ဓာကိုယ်အစိတ်အပိုင်း ဒါမှမဟုတ် ပစ္စည်းတခုခုဖြင့် ထိုးသွင်းမှုကို အဓမ္မပြုကျင့်တာလို့ ဖွင့်ဆိုပါတယ်)၊အဓမ္မပြုကျင့်ရန် ကြိုးပမ်းတာ၊ မလိုလားအပ်ဘဲ လိင်ပိုင်းဆိုင်ရာ ကိုင်တွယ်ထိတွေ့တာနဲ့ အခြားခန္ဓာကိုယ်ချင်း မထိတွေ့ဘဲ ပြုလုပ်တဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအဖြစ် ကုလသမဂ္ဂက ဖွင့်ဆိုပါတယ်။
တိတ်ဆိတ်နေရတဲ့နာကျင်သံတွေ
ပဋိပက္ခဒေသတွေမှာ စစ်တပ်ဟာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ပြည်သူလူထုအပေါ် ခြောက်လှန့်ထိန်းချုပ်ပြစ်ဒဏ်ခတ်ဗျူဟာအဖြစ်အသုံးပြုလေ့ရှိပါတယ်။
လက်နက်ကိုင်တော်လှန်ရေးတပ်တွေ ထိန်းချုပ်ဒေသတွေမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဟာ”အာဏာလုပ်ပိုင်ခွင့်အောက်က ဖိုဝါဒီရမ္မက်မီး”ဖြစ်နေတာပါပဲ။
လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ၊နိုင်ငံရေးထဲပါဝင်နေတဲ့ လိင်ပိုင်းဆိုင်ရအကြမ်းဖက်မှုတွေဟာ”ပဋိပက္ခနဲ့ဆက်နွှယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ” အဖြစ် သတ်မှတ်လို့ ရပါတယ်။
ပဋိပက္ခဆက်နွှယ်လိင်ပိုင်းဆိုင်ရာ
အကြမ်းဖက်မှုစာတမ်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၅ မေလထိစာရင်းအရ နိုင်ငံတဝှမ်းပဋိပက္ခနဲ့ဆက်နွှယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၉၆၃ မှုရှိတယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)က ထုတ်ပြန်ပါတယ်။
ကရင်နီပြည်က အကြမ်းဖက်မှု ၃၆၅ မှုနဲ့ ကျူးလွန်ခံရမှု အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းမှာ ၃၄၉ ခု၊ ရှမ်းပြည်မှာ ၁၀၂ ခု၊တနင်္သာရီတိုင်းမှာ ၂၇ ခုနဲ့ ချင်းပြည်မှာ ၁၉ ခုလို့ ဖော်ပြထားပါတယ်။
”လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေရှိရာ နေရာက အမျိုးသမီးတွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ ကျူးလွန်မှုအပြင် တော်လှန်ရေးနယ်ပယ်က သူတွေကပါ ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုပါ ထပ်တိုးကြုံတွေ့နေကြရပါတယ်။
အမှားကို ထောက်ပြပြောဆိုရဲတဲ့ လွတ် လပ်တဲ့သတင်းမီဒီယာ၊အင်တာနက်လက်လှမ်းမီမှုနဲ့ မြေပြင်အခြေအနေကို ထုတ်ဖော်ပြောဆိုရဲတဲ့ ပြည်သူတွေရဲ့သတ္တိတွေကြောင့်အမှုတချို့က ပေါ်ထွက်လာပေမယ့်အမျိုးသမီးတွေ၊ပြည်သူ့အသံတွေမထုတ်နိုင်တဲ့လက်နက်ကိုင်ဒေသတွေလည်း ရှိနေပါတယ်။
သာမန်အမျိုးသမီးတွေသာမက တော်လှန်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးတွေဟာလည်း လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်စော်ကားမှုတွေ ကြုံတွေ့နေကြရပါတယ်။
တော်လှန်ရေးထိခိုက်မှာစိုးတဲ့အတွက်လား
ကျူးလွန်ခံရသူတွေမှာ တရားမျှတမှုရဖို့အတွက် စစ်ကောင်စီရဲ့ တရားစီရင်ရေးစနစ်ကို အားကိုးမရသလို၊ တော်လှန်ရေးဒေသတွေက ဖြစ်စဉ်တွေမှာလည်း တရားမျှတမှုမရကြဘဲ အားကိုးရာမဲ့ ဖြစ်နေကြပါတယ်။
တရားမျှတမှုကို တောင်းဆိုလာရင်လည်း တော်လှန်ရေးကို ထိခိုက်မှာ စိုးရပါတယ်။
စစ်တပ်လက်အောက်ကလွတ်ဖို့က အရေးကြီးတယ်ဆိုတဲ့ စကားလုံးတွေအောက်မှာ ဖုံးဖိဖို့ကြိုးစားတာ၊နိုင်သလောက် လက်သိပ်ထိုးဖြေရှင်းဖို့ ကြိုးစားတာ၊ မမြင်ဟန် မကြားဟန် ပြုထားချင်ကြတာတွေကြောင့် “ပြုလုပ်ကြသူတွေဟာ အခွင့်ကောင်းရနေပြီး မိမိလုပ်ရပ်အပေါ် အပြစ်ရှိတယ်လို့ မခံယူဘဲ ရှေ့ဆက်တိုးလာတာမျိုး” တွေသာ ရှိနေပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အမှုအခင်းတွေကို နစ်နာသူတွေ၊မတရားမှုကို လက်မခံနိုင်သူတွေက ထုတ်ဖော်ပြောဆိုလာကြပေမယ့်လည်း ကျူးလွန်ခံရသူကို ပြန်ခြိမ်းခြောက်တာ၊အချင်းချင်းဖုံးကွယ်ပေးတာ၊အရေးယူမှုမရှိတာတွေကြောင့် ထုတ်ပြောသံတွေပျောက်ကွယ်သွားရတယ်။
အဲဒီလိုထုတ်ပြောမှုတွေကို အခွင့်ကောင်းယူပြီး စစ်တပ်ပြန်ဝါဒဖြန့်တာတွေရှိတာမို့ တော်လှန်ရေးနယ်ပယ်က လူတွေကိုယ်တိုင် ထုတ်ပြောသူတွေဘက် မျှားဦးလှည့်အပြစ်ဆိုတဲ့အတွက် နစ်နာသူတွေမှာ ကျူးလွန်လည်းခံရ၊ အပြစ်လည်းဆိုခံရနဲ့ အကြိမ်ကြိမ် နစ်နာနေကြရပါတယ်။
ခွဲခြားဆက်ဆံလိုစိတ်နဲ့တာဝန်မခံလိုစိတ်တွေ
တော်လှန်ရေးတပ်ဖွဲ့တွေ ကျူးလွန်တဲ့ လိင်အကြမ်းဖက်မှုကိစ္စတွေမှာ စုံစမ်းစစ်ဆေးမှုမရှိတာ၊အရေးယူမှုမရှိတာ၊ လူမျိုးရေးဘာသာရေးခွဲခြားဆက်ဆံမှုကို မတားမြစ်တာ၊ကျူးလွန်သူတွေဆ က်ကင်းလွတ်နေတာအပြင် ပိုဆိုးတာက ကျူးလွန်ခံရသူရဲ့လုံခြုံရေး စိုးရိမ်နေကြရပါတယ်။
အဲဒီလိုအနေအထားမျိုးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ မှ တပ်ဖွဲ့ဝင်အမျိုးသမီးရဲဘော်တစ်ဦးကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားမှုက မီးမောင်းထိုးပြနေပါတယ်။
အဲဒီအမှုဟာ ခြောက်လကျော်ကြာလာပေမယ့် ဘာမှတာဝန်ယူမှု၊တာဝန်ခံမှုမရှိလို့ မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ် အပါအဝင် အင်အားစု ၁၇၂ ခုက ကြေညာချက်ထုတ် တောင်းဆိုလာခါမှ နည်းနည်းလှုပ်ရှားလာတာပါ။
ရခိုင်အမျိုးသမီးတွေ ဘယ်လိုရင်ဆိုင်နေရသလဲ
ရခိုင်ဒေသရဲ့ လူမှုရေး၊စီးပွားရေးအခြေအနေဟာ အကျပ်အတည်းရောက်နေပါတယ်။
ရခိုင်က အမျိုးသမီးတွေရဲ့အသံဟာ အကြောက်တရားနဲ့ထိတ်လန့်မှုတွေအော က်မှာ ပျောက်ကွယ်နေကြဆဲပါ။
ရခိုင်အပါအဝင်နေရာဒေသစုံမှာ အမျိုးသမီးတွေကို အကြမ်းဖက်မှုတွေရှိနိုင်၊ မရှိနိုင်ကို WHO ရဲ့ ၂၀၂၆ ခုနှစ်၊ဇွန်လ ၁၈ ရက်နေ့ထုတ်ပြန်ချက်စံနှုန်းတွေနဲ့ တိုင်းတာလို့ရပါတယ်။
၁။ အမျိုးသမီးတဦးဟာ လက်တွဲဖော်အကြမ်းဖက်မှုနဲ့လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု နှစ်ခုစလုံးကို သူ့ရဲ့ လက်တွဲဖော်ဆီက ခံရနိုင်ပါတယ်။
ဥပမာ – နှစ်ဦးနှစ်ဖက်မှာ တဦးနဲ့တဦးဟာ ဒီအခြေအနေတွေထဲက တခုခုနဲ့ညီနေရင် အကြမ်းဖက်မှုဟာ ဖြစ်လာတတ်ပါတယ်။
က – ပညာရေးအဆင့်အတန်း နိမ့်ကျတာ။
ခ – ကလေးဘဝတုန်းက နှိပ်စက်ညှဉ်းပန်းခံခဲ့ရတာ။
ဂ – မိသားစုအတွင်း အကြမ်းဖက်မှုကို မြင်တွေ့နေရတာ။
ဃ – စိတ်ကျန်းမာရေးဆိုင်ရာ ဝေဒနာတွေ ရှိနေတာ။
င – (ကျူးလွန်သူအဖြစ်ဖြစ်၊ခံရသူအဖြစ် အရက်ကို အန္တရာယ်ရှိလောက်အောင် သောက်တာ)။
စ – အမျိုးသမီးအပေါ် အကြမ်းဖက်မှုဟာ သဘာဝကျသော အရာဟုယူဆပြီး အဲဒီလို အကြမ်းဖက်ရတာက ကိုယ်တရားမျှတနေသယောင် အကြောင်းပြတတ်သော စိတ်နေသဘောထားနဲ့မိမိလုပ်ရန်အခွင့်အာဏာရှိတယ်လို့ ထင်မြင်တာ။
ဆ – အချစ်ရေး/အိမ်ထောင်ရေး ဆက်ဆံရေးတွေမှာ အမျိုးသားများက ထိန်းချုပ်လိုသော အမူအကျင့်ရှိတာ ဒါမှမဟုတ် အာဏာချင်း မညီမျှမှုများလွန်းတာ။
ဇ – အမျိုးသားတွင် လိင်ပိုင်းဆိုင်ရာ လက်တွဲဖော်အများကြီးရှိနေတာ။
၂။ အမျိုးသမီးတဦးဟာ သူမရဲ့ လူမှုပတ်ဝန်းကျင် ဒါမှမဟုတ် လူမှုရေး၊ နိုင်ငံရေးစနစ်တွေထဲမှာ အောက်ပါအချက်တွေရှိနေရင်လည်း အကြမ်းဖက်ခံရမယ့် အန္တရာယ်ထဲမှာ ရှိနေပါတယ်။
က – အမျိုးသားတွေကို အခွင့်ထူးခံအခွင့်
အာဏာ ပေးထားကာ အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ကန့်သတ်ပြီး အမျိုးသမီးတွေကို သိက္ခာချ ဆိုးဝါးတဲ့ ကျား/မ အခြေပြုစံနှုန်းတွေ ထွန်းကားနေတာ။
ခ – ဆင်းရဲမွဲတေမှုနဲ့ အလုပ်လက်မဲ့နှုန်း မြင့်မားနေတာ။
ဂ – အရွယ်မတိုင်မီ အိမ်ထောင်ပြုနှုန်း မြင့်လာတာ။ (ကလေးသူငယ် အိမ်ထောင်ပြုမှု အပါအဝင်)
ဃ – လူမှုအသိုင်းအဝိုင်းအတွင်း အကြမ်းဖက်မှုနဲ့ ရာဇဝတ်မှုနှုန်း မြင့်မားနေတာ။
င – မူးယစ်ဆေးဝါး၊ အရက်နဲ့ လက်နက်တွေကို အလွယ်တကူ ရရှိနိုင်တာ။
စ – ပိုင်ဆိုင်မှုအခွင့်အရေး၊ အမွေဆက်ခံခွင့်၊ လက်ထပ်ထိမ်းမြားခြင်း၊ ကွာရှင်းခြင်းနဲ့ ကလေးသူငယ်အုပ်ထိန်းခွင့်တို့တွင် အမျိုးသမီးတွေကို ခွဲခြားကန့်သတ်တဲ့ ဥပဒေ၊ အလေ့အကျင့်စနစ်တွေရှိနေတာ။
ဆ – အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ကိုင်တွယ်ဖြေရှင်းတဲ့ ဥပဒေတွေမရှိတာ ဒါမှမဟုတ်တရားဥ ပဒေစိုးမိုးမှုကို အားနည်းအောင် လုပ်ထားတာ။
ဇ – အများပြည်သူဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ၊ ပုဂ္ဂလိကဆိုင်ရာ အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေ (ဥပမာ- ကျန်းမာရေး၊ တရားမျှတမှုရှာဖွေရေး၊ ဘာသာရေး၊ ရဲတပ်ဖွဲ့၊ ပညာရေးစတဲ့ ဌာနတွေ) မှာ ကျား/မ အခြေပြု ခွဲခြားဆက်ဆံမှုတွေ ရှိနေတာ။
ရခိုင်မှာ အထက်ကဖော်ပြထားတဲ့ WHO ရဲ့ စံနှုန်းနဲ့ ကိုက်ညီတဲ့ အချက်တချို့ကိုလည်း တွေ့ရမှာပါ။
ရခိုင်မှာလည်း အမျိုးသမီးတွေဟာ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနေမှာပါ။
ဆင်းရဲကျပ်တည်းမှုဖြစ်လာမယ့် အိမ်တွင်းအကြမ်းဖက်ခံရမှု၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှု၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခံရမှု၊ စားဝတ်နေရေးဆိုင်ရာ ပူပန်မှုတွေက ရခိုင်ကအမျိုးသမီးတွေမှာ ရှိနေမှာပါ။
အိမ်ထောင်ရေးပြိုကွဲမှုအပါအဝင် ဖိုဝါဒီဗဟိုပြုလွန်းတဲ့ လူမှုနိုင်ငံရေးလှိုင်းရဲ့ ရိုက်ခတ်မှုကိုလည်း ရခိုင်က အမျိုးသမီးတချို့ဟာ ခံစားနေရပါတယ်။
စွန့်ပစ်ခံရတာ ဒါမှမဟုတ် ကွာရှင်းတာတွေမှာလည်း မြေပြင်ပကတိဖြစ်ရပ်အရ ဥပဒေကပေးထားတဲ့ အကာအ ကွယ်တွေကိုတောင်မှ မျက်ကွယ်ပြုခံနေတာတွေ ရှိပါတယ်။
ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ က ဖြစ်ရပ်မျိုးတွေဟာ ရခိုင်မှာ အသံထွက်မလာနိုင်ပါဘူး။
ရခိုင်က အမျိုးသမီးတွေ၊ တပ်ဖွဲ့ဝင်အမျိုးသမီးတွေမှာ မိမိတို့ရဲ့ နစ်နာချက်ကို ထုတ်ဖော်ဖို့တောင်မှ အကြောက်တရားနဲ့ ထပ်ခါထပ်ခါ အပြစ်တင်ခံရမှုတွေကြားမှာ ရုန်းထွက်နိုင်တဲ့ အနေအထားလည်း မရှိပါဘူး။
တော်လှန်ရေးကာလအတွင်းမှာ တော်လှန်ရေးဂုဏ်သိက္ခာညှိုးနွမ်းမှာ စိုးရိမ်စိတ်နဲ့ ကျူးလွန်သူတွေ လွတ်မြောက်နေတာကို မျက်ကွယ်ပြုနေမယ်ဆိုရင်တော့ အမျိုးသမီး၊မိန်းကလေးငယ်၊ လိင်စိတ်ခံယူမှုမတူကွဲပြားသူတွေနဲ့သက်ကြီးရွယ်အိုစတဲ့ ထိခိုက်လွယ်သူတွေဟာ ဘယ်သူအုပ်ချုပ်တဲ့တိုင်းပြည်မှာ နေရနေရ လိင်အကြမ်းဖက်သူတွေရဲ့ သားကောင်ဖြစ်နေဦးမှာပါ။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဂျန်ဒါတန်းတူညီမျှရေးဌာန၊ ဌာနမှူး မူအန်နာက စစ်ရေးကိုသာ ဦးစားပေးပြီး အမျိုးသမီးအရေး၊ ကျား/မ တန်းတူညီမျှရေးနဲ့ တခြားအရေးကိစ္စတွေကို လျစ်လျူရှုထားချိန်မှာ ဦးစားပေးတဲ့အရာဆိုတဲ့ စစ်ရေးက အောင်မြင်ပြီလားဆိုတာ ဆန်းစစ်ဖို့လိုတယ်လို့ ဝေဖန်ထောက်ပြထားပါတယ်။
အဲဒီလို အကျင့်တွေသာ ရေရှည်ဖြစ်လာရင် တော်လှန်ရေးအောင်မြင်ပြီး စစ်တပ်ကိုဖြုတ်နိုင်ပေမယ့် စစ်တပ်လိုနောက်ထပ်အာဏာရှင်တွေ ထပ်ပေါ်လာမှာဖြစ်သလို အားနည်းတဲ့လူစုထပ်ဖိနှိပ်ခံဖြစ်ဦးမှာလို့ မူအန်နာက ပြောပါတယ်။
နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ ကိုယ်သွားမယ့် နိုင်ငံရေးလမ်းပြမြေပုံမှာ အမျိုးသမီးနဲ့ ကလေးသူငယ် အပါအဝင် လူအားလုံးရဲ့ လုံခြုံမှုကို ထည့်သွင်းမစဉ်းစားဘဲ စစ်ရေးကသာ ဦးစားပေးအရာဆိုပြီး တခြားလူမှုတရားမျှတမှုတွေကို မျက်ကွယ်ပြုထားတဲ့အခါ ရခိုင်က အမျိုးသမီးတွေအတွက် စိတ်ဒဏ်ရာတွေ ထပ်ကာထပ်ကာ ရမှာဖြစ်သလို မိမိထိခိုက်နာကျင်မှုကိုလည်း ထုတ်ဖော်နိုင်စွမ်းလည်း ပျောက်ဆုံးနေကြမှာပါပဲ။
ကိုးကား…
- https://legalactionworldwide.org/gender-equality-gbv/women-survivors-lead-the-fight-against-sexual-violence-in-myanmar/
- https://www.who.int/news-room/fact-sheets/detail/violence-against-women?hl=en-GB#:~:text=harmful%20gender%20norms%20that%20uphold,of%20drugs%2C%20alcohol%20and%20weapons%3BB







