Border News Agency
မြောက်ဦး၊ ဩဂုတ် ၁၂။
လက်နက်ကိုင်တပ်ဖွဲ့ထဲမှာဖြစ်ဖြစ်၊လက်နက်ကိုင်ပဋိပက္ခထဲမှာဖြစ်ဖြစ်၊လက်နက်ကိုင်တပ်ဖွဲ့ဝင်က အရပ်သားအပေါ်မှာပဲဖြစ်ဖြစ် လိင်ပိုင်းဆိုင်ရာစော်ကားမှု၊အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ကမ္ဘာပေါ်မှာ ကြေကွဲစိတ်ထိခိုက်စရာတွေအများကြီးပေါ်ပေါက်ခဲ့သလို လက်နက်ကိုင်ပဋိပက္ခရှိနေတဲ့နေရာတွေမှာ ခါးစည်းခံနေရမှုတွေလည်းရှိနေဆဲပါ။
ကမ္ဘာ့အမြင်အပြောင်းအလဲ
အဲဒီပဋိပက္ခတွေဟာ ဒီကမ္ဘာကြီးမှာ ရှိခဲ့၊ဖြစ်ခဲ့၊ရှိနေ၊ဖြစ်နေဆဲ ဖြစ်ပါတယ်။
ဒါပေမယ့် ကမ္ဘာကြီးရဲ့အမြင်က ဒီအပေါ်မှာ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်၊ နှစ်သုံးဆယ်က အမြင်နဲ့မတူတော့ပါဘူး။
မနုဿဗေဒနဲ့ပတ်သက်လို့ ပညာရှင်တွေ ပြောလေ့ရှိတဲ့ ကောက်ချက်တခုရှိပါတယ်။
လူသားတွေဟာ ဘယ်လောက်ပဲနေရာဒေသနဲ့ နေထွက်နေဝင်ချိန်တွေ၊ရာသီဥတုတွေ၊ယဉ်ကျေးမှုတွေ တူညီတဲ့ အခက်အခဲ၊ပြဿနာတွေကို ရင်ဆိုင်လာရရင် တူညီတဲ့တုံ့ပြန်မှုကို ပြုလုပ်တတ်ကြတယ်လို့ဆိုပါတယ်။
အဲဒါဟာ ဘယ်လိုပဲရုပ်သွင်ပြင်လက္ခဏာတွေ၊ရာသီဥတုအချိန်တွေကွဲပြားပါစေ လူသားဆိုတဲ့တူညီတဲ့ DNA ဗီဇရှိနေကြတာကြောင့်လို့ ဆိုပါတယ်။
အဲဒီတော့ စိတ်ထိခိုက်စရာ၊စိတ်မချမ်းသာစရာကောင်းတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ လိင်အကြမ်းဖက်မှု၊နှိပ်စက်မှုတွေကို မြင်လာရတဲ့အခါ လူသားတွေဟာ ဘယ်လိုပဲကွဲပြားပါစေ၊ဒီအပေါ်မှာ တူညီတဲ့တုံ့ပြန်မှုကို ပြုလုပ်တတ်ကြတာပါပဲ။
ကမ္ဘာကြီးမှာ အမေရိကန် ဦးဆောင်တဲ့ အုပ်စုနဲ့ ရုရှား၊တရုတ်ဟာအကျိုးစီးပွားနဲ့ အမြင်အယူအဆပိုင်းမှာ မတူကွဲပြားပြီး ထိပ်တိုက်တွေ့နေတတ်ကြတာ အားလုံးအသိပါ။
ဒါပေမယ့်စိတ်မချမ်းသာစရာ၊စိတ်ထိခိုက်စရာတွေကို မြင်လာရရင် တရုတ်ပဲဖြစ်ဖြစ်၊ရုရှားပဲဖြစ်ဖြစ်၊အိန္ဒိယပဲဖြစ် ဖြစ် ဘယ်သူမဆို ဒီအပေါ်မှာ စိတ်မသက်မသာဖြစ်မှုဆိုတဲ့ တုံ့ပြန်မှုကတူညီတတ်ကြပါတယ်။
၁၉၉၄ ခုနှစ် ရဝမ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှုထဲမှာ တူစီ (Tutsi) မျိုးနွယ်စုတွေကို ရက်ပေါင်းတရာအတွင်း သုတ် သင်ဖို့စီမံကိန်းထဲမှာ မုဒိမ်းကျင့်မှုကိုပါစစ်ပွဲနည်းဗျူဟာ လက်နက်တခုအဖြစ် စနစ်တကျသုံးခဲ့လို့ အမျိုးသမီးနှစ်သိန်းငါးသောင်းမှ ငါးသိန်းကြား အဓမ္မပြုကျင့်ခံခဲ့ရပြီး HIV ပိုး ကူးစက်ခံခဲ့ရပါတယ်။
၁၉၉၂ ခုနှစ်မှ ၁၉၉၅ ခုနှစ်ကြားဖြစ်ခဲ့တဲ့ ဘော့စနီးယားစစ်ပွဲမှာ ဘော့စနီးယားမွတ်စလင်အမျိုးသမီးနှစ်သောင်းမှ ငါးသောင်းကြားကို ဆားဘ် (Serb) တပ်ဖွဲ့တွေက စနစ်တကျအုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့ကြပါတယ်။
၁၉၉၆ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ ပြည်တွင်းစစ်မှာ အစိုးရတပ်နဲ့ လက်နက်ကိုင်အဖွဲ့ အသီးသီးက အရပ်သားတွေကို ကြောက်ရွံ့ထိတ်လန့်စေဖို့၊ သူတို့ကိုနာခံဖို့အတွက် လူထုကိုအိုးအိမ်စွန့်ခွာထွက်ပြေးစေတာတွေ၊အမျိုးသမီးတွေ၊ကလေးသူငယ်တွေကို အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်တာတွေရှိခဲ့ပါတယ်။
အဲဒီဖြစ်ရပ်တွေ မတိုင်မှီ ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးစစ်ပွဲမှာလည်း ပါကစ္စတန်စစ်တပ်နဲ့ သူ့ရဲ့ ပြည်သူ့စစ်တွေက စစ်ပွဲအတွင်း ဘင်္ဂလီအမျိုးသမီးနှစ်သိန်းမှ လေးသိန်းကြားကို အဓမ္မပြုကျင့်ခဲ့ကြပါတယ်။
အဲဒီလိုဖြစ်ရပ်တွေကြောင့် ကုလလုံခြုံရေးကောင်စီထဲက မတည့်ကြတဲ့ အမေရိကန်အုပ်စုနဲ့ တရုတ်၊ရုရှားဟာ ရဝမ်ဒါ၊ဘော့စနီးယား၊ကွန်ဂိုကိစ္စတွေမှာ နိုင်ငံတကာရာဇဝတ်ခုံရုံးတွေဖွဲ့ပြီး ကိုင်တွယ်ဖို့ကို မကန့်ကွက်ခဲ့ကြတာပါ။
အဲဒီအခြေအနေတွေဟာ နောက်ပိုင်းမှာ ICC ပေါ်လာဖို့ အနေအထားကိုဖြစ်စေခဲ့ပါတယ်။
ပြီးရင် ၂၀၀၀ ပြည့်နှစ်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၃၂၅ ကို ထုတ်ပြန်လာခဲ့တာလည်း ဒီလိုဖြစ်ရပ်တွေကြောင့်ပါ။
ဗီတိုနိုင်ငံတွေရဲ့ ICC ဒိုင်မင်းရှင်း
ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၃၂၅ အလွန်နောက်ပိုင်းမှာ ရောမပဋိညာဉ်အဖွဲ့ဝင်မဟုတ်တဲ့ အမေရိကန်၊ရုရှား၊တရုတ်ရဲ့ ICC အပေါ် အမြင်တွေကို ပေါ်လွင်စေတဲ့ဆုံးဖြတ်ချက်နှစ်ခုရှိပါတယ်။
အဲဒီဆုံးဖြတ်ချက်တွေက ၂၀၁၀ ခုနှစ်မှာပြဋ္ဌာန်းလိုက်တဲ့ဆုံးဖြတ်ချက် ၁၉၆၀ နဲ့ ၂၀၁၃ ခုနှစ်မှာ ပြဋ္ဌာန်းလိုက်တဲ့ ၂၁၀၆ တွေပါပဲ။
ICC က အရေးယူဖို့ကို လက်ခံထားတဲ့ ဆုံးဖြတ်ချက်တွေ
အဲဒီဆုံးဖြတ်ချက်အမှတ် ၁၃၂၅ က စံနှုန်းတွေကို သတ်မှတ်တာဆိုရင် ဆုံးဖြတ်ချက်အမှတ် ၁၉၆၀ နဲ့ ၂၁၀၆ က အရေးယူဆောင်ရွက်ဖို့ခြေလှမ်းစလာတဲ့ ဆုံးဖြတ်ချက်တွေပါပဲ။
အဲဒါဟာဆုံးဖြတ်ချက်အမှတ် ၁၃၂၅ အလွန် နောက်ဆယ်စုနှစ်တခုအကြာမှာ အချင်းချင်းမတည့်ကြတဲ့ဗီတိုနိုင်ငံတွေတောင်မှ လက်နက်ကိုင်ပဋိပက္ခထဲ လိင်ပိုင်းဆိုင်ရာချိုးဖောက်မှုတွေအပေါ်မှာ ကြားရ၊မြင်ရတာ စိတ်မချမ်းသာ စိတ် ပျက်လာကြပြီဆိုတဲ့ သဘောပါပဲ။
ကန့်ကွက်သူမဲ့ အကုန်လုံးသဘောတူခဲ့တဲ့ဆုံးဖြတ်ချက်ထဲက ICC ခေါ်သံ
အဲဒီဆုံးဖြတ်ချက်အမှတ် ၁၉၆၀ ထဲမှာ ပါတဲ့အပိုဒ်တချို့ကိုကြည့်ရင် ခုလိုဆိုထားပါတယ်။
ပဋိပက္ခထဲမှာပါဝင်နေကြတဲ့နိုင်ငံတွေ၊ နိုင်ငံမဟုတ်တဲ့ အဖွဲ့အစည်းတွေဟာ လိင်ပိုင်းဆိုင်ရာချိုးဖောက်ကျူးလွန်မှုတွေကို တားမြစ်ထားတဲ့စံနှုန်းတွေ၊နိုင်ငံတကာစံနှုန်းတွေကို အပြည့်အဝလိုက်နာဖို့ကို အဖန်ဖန်တလဲလဲလိုအပ်နေတယ်။
အရပ်ဘက်ခေါင်းဆောင်တွေ၊စစ်ဘက်ခေါင်းဆောင်တွေဟာ ပဋိပက္ခအခြေအနေထဲမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုအဖြစ်အပျက်တွေကို သည်းခံမှာမဟုတ်ဘူးဆိုတဲ့အချက်ကို သတင်းစကားအလီလီပါးနေဖို့လိုတယ်။
အရပ်ဘက်နဲ့ စစ်ဘက်ခေါင်းဆောင်တွေဟာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို တားဆီးဖို့၊ပြစ်ဒဏ်ကင်းလွတ်နေတာကို တိုက်ဖျက်ဖို့၊တာဝန်ယူမှုကို အကောင်အထည်ဖော်ဖို့အတွက် ကတိကဝတ်နဲ့နိုင်ငံရေးစိတ်ဆန္ဒကို ပြသရမှာဖြစ်ပြီး အဲဒါတွေကိုအမိန့်ပေးညွှန်ကြားမှုစည်းမျဉ်းတွေထဲမှာ အကြိမ်ကြိမ်ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။
လူ့အသိုင်းအဝန်းတခုဟာ လက်နက်ကိုင်တပ်ဘက်က လူထုအပေါ်ကျူးလွန်မှု အတိတ်ဖြစ်ရပ်တွေကို ပြန်ဖော်ထုတ်ပြီး အနာဂတ်မှာထပ်မဖြစ်အောင်လုပ်ဖို့အတွက် အပြစ်ဒဏ်ကကင်းလွတ်နေမှုကို အဆုံးသတ်မှုဟာ အဓိကအနှစ် သာရဖြစ်တယ်ဆိုတာကို ဆုံးဖြတ်ချက်က အတည်ထပ်ပြုပါတယ်။
နိုင်ငံအဆင့်၊နိုင်ငံတကာအဆင့်နဲ့ နိုင်ငံတကာဖက်စပ်အဆင့်ပြစ်မှု၊ရာဇဝတ်မှုဆိုင်ရာတရားရုံး၊ခုံရုံးတွေ၊အမှန်တရားနဲ့ရင်ကြားစေ့ရေးဆိုင်ရာ ကော်မရှင်တွေအပါအဝင်တရားမျှတမှုနဲ့ ပြန်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်ကို ဦးတည်တဲ့အရေးစိုက်မှုတွေရှိရမယ်ဆိုတာကို ထပ်လို့အတည်ပြုပါတယ်။
အဲဒီလို တရားရုံး၊ ခုံရုံးနဲ့ ကော်မရှင်တွေ ပြစ်မှုကျူးလွန်တဲ့ တယောက်ချင်းစီတိုင်းကို ကိုင်တွယ်မှာဖြစ်သလို ငြိမ်းချမ်းရေး၊အမှန်တရား၊ရင်ကြားစေ့ရေးနဲ့ ကျူးလွန်ခံရသူတို့ရဲ့ အခွင့်အရေးကိုပါ ဖော်ဆောင်ပေးရမယ်ဆိုတာကိုလည်း ထပ်လို့ အတည်ပြုပါတယ်။
ရောမ ပဋိညာဉ်ရဲ့ ICC နဲ့အတူ ပဋိညာဉ်ကဖော်ပြထားတဲ့ နိုင်ငံတကာပြစ်မှု၊ရာဇဝတ်မှုတွေအပေါ်တရားရုံးတွေထဲမှာ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို ကိုင်တွယ်ဖို့အတွက် ဒီဆုံးဖြတ်ချက်က ထပ်လို့တောင်းဆိုပါတယ်။
အဲဒါတွေတင်မက ဆုံးဖြတ်ချက်အမှတ် ၁၉၆၀ က လက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာဖြစ်ပွားတဲ့ လိင်ပိုင်းဆိုင်ရာကျူး လွန်မှုတွေနဲ့ အရေးယူထားတဲ့အချက်အလက်တွေကို ကုလသမဂ္ဂကိုဖြစ်စေ၊လွှတ်တော် ဒါမှမဟုတ် အများပြည်သူကို အစီရင်ခံစာ ထုတ်ပြန်ပေးဖို့ကို တွန်းအားပေးထားတဲ့ စောင့်ကြည့်သုံးသပ် အစီရင်ခံရတဲ့ လုပ်ငန်းစဉ် (Monitoring, Analysis and Reporting Arrangements – MARA)ကိုထည့်သွင်းလာပါတယ်။
အဲဒီဆုံးဖြတ်ချက်အမှတ် ၁၉၆၀ ထွက်လာပြီးနောက် သုံးနှစ်အကြာမှာ ဆုံးဖြတ်ချက်အမှတ် ၂၁၀၆ ထပ်ထွက်လာပါတယ်။
အဲဒီဆုံးဖြတ်ချက်အမှတ် ၂၁၀၆ ထဲမှာ ပါတဲ့ အပိုဒ်တွေကို ထပ်ဖော်ပြလိုက်ပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေအတွင်း၊ပဋိပက္ခအလွန်ကာလတွေမှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေဟာ အမျိုးသမီးတွေ၊မိန်းကလေးတွေ၊ထိခိုက်လွယ်တဲ့သူတွေအတွက် မမျှတတဲ့ချဉ်းကပ်မှုပုံစံတွေရှိနေတာကို ဒီဆုံးဖြတ်ချက်က မှတ်တမ်းတင်ထားပါတယ်။
အဲဒီလိုထိခိုက်နာကျင်ခံခဲ့ရတဲ့သူတွေကို ဒုတိယအကြိမ် စိတ်ဒဏ်ရာဖြစ်စေတဲ့လုပ်ရပ်တွေ၊ထိခိုက်ခံခဲ့ရတဲ့သူတွေရဲ့မိသားစုဝင်တွေကို ဖိအားပေးတာတွေ၊အကျပ်ကိုင်ခြိမ်းခြောက်တာတွေနဲ့ပတ်သက်လို့ ဒီဆုံးဖြတ်ချက်က မှတ်တမ်းတင်ထားပါတယ်။
အဲဒီလို အပြုအမူတွေဟာလူ့အဖွဲ့အစည်းထဲ အမျိုးသမီးတွေကိုသာ သီးသန့်သက်ရောက်ထိခိုက်စေတာမဟုတ်ဘဲ ငြိမ်းချမ်းရေးနဲ့စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ထိခိုက်စေတာကို ဒီဆုံးဖြတ်ချက်က မှတ်တမ်းတင်ထားပါတယ်။
အဲဒီဆုံးဖြတ်ချက်ဟာ နိုင်ငံတခုအတွင်း၊သူရဲ့စီရင်မှုအတွင်း ရောက်ရှိနေတဲ့ လူသားတိုင်းရဲ့လူ့အခွင့်အရေးကို လေးစားဖို့ မူလတာဝန်ရှိတယ်ဆိုတာကို အသိအမှတ်ပြုပါတယ်။
အဲဒါအပြင် လက်နက်ကိုင်ပဋိပက္ခထဲ ပါဝင်ပတ်သက်နေသူတိုင်းဟာလည်း ဒီလိုလူ့အခွင့်အရေးလေးစားရမယ်ဆိုတာကို ဒီဆုံးဖြတ်ချက်က ထပ်ပြီးအတည်ပြုပါတယ်။
အဲဒီအချက်တွေဟာ ကုလသမဂ္ဂအဖွဲ့ဝင်ထားတဲ့ နိုင်ငံတိုင်းရဲ့နိုင်ငံရေးအရ လွတ်လပ်ခွင့်ရှိနေတဲ့နေရာတွေ၊နယ်မြေပိုင်စိုးသူတွေ၊အချုပ်အခြာအာဏာတွေအပေါ်မှာ လွှမ်းခြုံတာကို ဒီဆုံးဖြတ်ချက်က ထပ်ပြီးအတည်ပြုပါတယ်။
လိင်ပိုင်းဆိုင်ရာ ချိုးဖောက်မှုတွေကို ရောမပဋိညာဉ်အရ ICC နဲ့အတူ ပဋိညာဉ်အရဖွဲ့စည်းတဲ့ နိုင်ငံတကာပြစ်မှု၊ ရာဇဝတ်မှု အရေးပေါ်တရားရုံးတွေထဲမှာ ကိုင်တွယ်ဖို့အတွက် ဒီဆုံးဖြတ်ချက်က ထပ်တောင်းဆိုပါတယ်။
ကုလရဲ့ လမ်းညွှန်မှုအောက်မှာရှိနေတဲ့ တပ်ဖွဲ့တွေရော၊ကုလကြီးကြပ်မှုအောက်မှာမရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံး ပဋိပက္ခအတွင်းနဲ့ ပဋိပက္ခအလွန်ကာလတွေမှာ လိင်ပိုင်းဆိုင်ရာချိုးဖောက်မှု တားမြစ်ချက်တွေ၊ဒုက္ခသည်ဆိုင်ရာ ဥပဒေတွေ၊လူသားချင်းစာနာမှု ဥပဒေတွေကိုလိုက်နာဖို့ ဒီဆုံးဖြတ်ချက်က တောင်းဆိုပါတယ်။
အမျိုးသမီးနဲ့ မိန်းကလေးတွေကိုကျူးလွန်တဲ့၊နိုင်ငံတကာစံနှုန်းအရ ပြင်းထန်ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်တဲ့လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုကျူးလွန်ပြီး ပြစ်ဒဏ်ကကင်းလွတ်နေတာတွေကို အဆုံးသတ်ဖို့အတွက် ICCအပါအဝင်၊ယာယီတရားရုံး၊ဖက်စပ်တရားရုံးနဲ့ ပြည်တွင်းခုံရုံးတွေရဲ့ ကျွမ်းကျင်တရားသူကြီးတွေ ကိုင်တွယ်ခွင့်ကို ဆုံးဖြတ်ချက်က မှတ်တမ်းတင်ထားပါတယ်။
ပြစ်ဒဏ်က ကင်းလွတ်နေတာတွေကို အင်တိုက်အားတိုက်တိုက်ဖျက်ဖို့ ကျူးလွန်သူတွေကို ကျူးလွန်မှုအချိုးအစားအတိုင်း တာဝန်ပြန်ယူခိုင်းဖို့အတွက် အဖန်ဖန်ကြိုးစားရမယ်ဆိုတာကို ဒီဆုံးဖြတ်ချက်ကမှတ်တမ်းတင်ပါတယ်။
ပူတင်၊ရှီကျင့်ဖျင်၊ မိုဒီနဲ့ ထရမ့်လက်ထက် ကုလလုံခြုံရေးဆုံးဖြတ်ချက် ၂၄၉၃
၂၀၁၉ ခုနှစ်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကဆုံးဖြတ်ချက်အမှတ် ၂၄၉၃ ထပ်ထွက်လာပြီး ၂၀၁၉ ခုနှစ်ဟာ ပူတ င်၊ရှီကျင့်ဖျင်၊မိုဒီနဲ့ထရမ့်လက်ထက်ပါပဲ။
အဲဒီဆုံးဖြတ်ချက်အမှတ် ၂၄၉၃ ထဲမှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ပတ်သက်တဲ့ ရှေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်တိုင်းကို ထပ်အတည်ပြုခဲ့ပါတယ်။
ICC နဲ့ တရုတ်၊ရုရှား၊အမေရိကန်၊အိန္ဒိယအမြင်
တရုတ်၊ရုရှား၊အမေရိကန်နဲ့ အိန္ဒိယတို့ဟာ ICC အဖွဲ့ဝင်တွေ မဟုတ်ပါဘူး။
ဒါပေမယ့် ICC က စစ်ရာဇဝတ်မှုတွေကို ကိုင်တွယ်ခွင့်နဲ့ပတ်သက်လို့ လုံးဝကန့်ကွက်ကြသလားဆိုရင် အဲလိုလည်း မဟုတ်ပါဘူး။
အဲဒီနိုင်ငံတွေရဲ့သဘောထားက…
စစ်ရာဇဝတ်မှုတွေမဖြစ်အောင် တားဆီးဖို့က နိုင်ငံတိုင်းမှာ တာဝန်ရှိတယ်။
ဒါပေမယ့်…
ICC ပဋိညာဉ်နဲ့နိုင်ငံတကာဟာ ပြည်တွင်းတရားရုံးတွေမကိုင်တွယ်နိုင်တဲ့ ရာဇဝတ်မှုတွေကိုသာ ကိုင်တွယ်သင့်ပြီးနိုင်ငံတခုချင်းစီရဲ့ဆန္ဒကို လေးစားဖို့လိုပါတယ်။
နိုင်ငံရေးအရ အသုံးချခံ မဖြစ်သင့်ဘူး ဆိုတဲ့ အချက်တွေမှာ အခြေခံထားပါတယ်။
သူတို့ အကျိုးစီးပွားကို မထိခိုက်တဲ့၊နိုင်ငံတကာမှာ အမှတ်ယူလို့ရတဲ့ကိစ္စဆိုရင် ICC က ကိုင်တွယ်ရင်လည်း သူတို့ နှုတ်ဆိတ်နေမှာပါ။
အဲဒီနိုင်ငံတွေဟာ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်ပေမယ့် ICC ညီလာခံတွေမှာ လေ့လာသူနိုင်ငံအဖြစ်တက်ရောက်ပြီး ICC ရေးရာတွေကို အမြဲဆွေးနွေးနေတဲ့ နိုင်ငံတွေပါ။
ရုရှားကတော့ ပူတင်ကို ဖမ်းဝရမ်းထုတ်ခံထားရလို့ ICC ညီလာခံတွေကို မတက်တော့ပါဘူး။
အမေရိကန်သမ္မတထရမ့်က ၂၀၂၆ ခုနှစ်ထဲမှာ တရုတ်သမ္မတရှီကျင့်ဖျင်ကို ပူတင်နဲ့ပတ်သက်ပြီး ICC ကို ပို့ဖို့ကိစ္စ ပြောခဲ့တာရှိတယ်လို့ The Financial Times မှ မတ်လတုန်းက ဖော်ပြခဲ့ပါတယ်။
ICC က အမေရိကန်တပ်တွေ အာဖဂန်မှာ လုပ်ခဲ့တာတွေအတွက် အရေးယူမယ်လုပ်တော့ အမေရိကန်က ICC ကို ကန့်ကွက်ပါတယ်။
တရုတ်က ICC ဟာ အမေရိကန်ကို ကိုင်တွယ်သင့်တယ်လို့ ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာလ ၆ ရက်နေ့က ICC ရဲ့ ASP ညီလာခံမှာ ပြောပါတယ်။
တရုတ်၊အမေရိကန်၊ရုရှားနဲ့ အိန္ဒိယဟာ ICC ကို ထောက်ခံတယ်၊မထောက်ခံဘူးဆိုတာ သူ့အတိုင်းအထွာနဲ့သူပါ။
ရခိုင်အပါအဝင် မြန်မာအရေးကို ဘယ်လိုမြင်ကြသလဲ
တရုတ်ပဲဖြစ်ဖြစ်၊အမေရိကန်ပဲဖြစ်ဖြစ်၊ရုရှားပဲဖြစ်ဖြစ်၊အိန္ဒိယပဲဖြစ်ဖြစ် ဘယ်အင်အားကြီးနိုင်ငံမဆို သူ့ရဲ့အကျိုး စီးပွားအတွက် စီးပွားရေးအလယ်အလတ်ရှိတဲ့ နိုင်ငံတွေရဲ့ထောက်ခံမှုကိုလိုပါတယ်။
စီးပွားရေး အလယ်အလတ်ရှိတဲ့ နိုင်ငံတွေထဲမှာ အာရပ်ရေနံနိုင်ငံတွေပါပါတယ်။ အာရပ်နိုင်ငံတွေ အချင်းချင်းတည့်တာ မတည့်တာကတပိုင်းပါ။
ဒါပေမယ့် စူပါပါဝါတွေအတွက် အာရပ်ရေနံနိုင်ငံတွေနဲ့အထစ်အငေါ့မရှိချင်တာကလည်း တပိုင်းပါ။
ဂမ်ဘီယာက မြန်မာကိုတရားစွဲတော့ ကနဦးအမိန့်မှာ ဗီတိုပိုင်ထားတဲ့နိုင်ငံတွေ၊တရုတ်နဲ့ ရုရှားက တရားသူကြီးတွေ မြန်မာကို ကြားဖြတ်အမိန့်ချတဲ့အခါ မကန့်ကွက်ခဲ့တာကိုကြည့်ရင် အဖြေပေါ်ပါတယ်။
ICC ကို အမေရိကန်က ကြိမ်းဝါးပါတယ်။ တရုတ်က ဝေဖန်ပါတယ်။ ရုရှားက ကန့်ကွက်ပါတယ်။ အိန္ဒိယက ရေငုံနှုတ်ပိတ်နေတယ်ဆိုတာ ICC အသက်မဝင်တော့ဘူးဆိုတဲ့အဓိပ္ပာယ်မထွက်ဘူးဆိုတာ နားလည်သဘောပေါက်ဖို့လိုပါတယ်။
စီးပွားရေးအလယ်အလတ်ရှိတဲ့ အာရပ်ရေနံနိုင်ငံတွေရဲ့ပါဝါဒိုင်းနမစ်တွေ ရှိလာရင် မြန်မာ့အရေးမှာ ဗီတိုနိုင်ငံတွေကလည်း စီးကြောင်းအပေါ်မှာလိုက်ပြီး ချဉ်းကပ်တတ်တာပါပဲ။
မြန်မာ့အရေးဟာ တရုတ်၊အိန္ဒိယ၊ထိုင်းနဲ့ဘင်္ဂလားဒေ့ရှ်အပေါ်မှာ သက်ရောက်မှုရှိပါတယ်။
အဲဒီတော့ မြန်မာအရေးကို နိုင်ငံတကာ ဥပဒေပိုင်းက ပါဝါဒိုင်းနမစ်တခုခုတွန်းလာရင်လည်း အဲဒီနိုင်ငံတွေဟာ ပေါ်လာတဲ့စီးကြောင်းထဲမှာ အကျိုးစီးပွားအတွက် ချဉ်းကပ်မှာပါပဲ။
ICJ ကနဦး ကြားဖြတ်အမိန့်မှာ ဗီတိုနိုင်ငံက တရားသူကြီးတွေ မကန့်ကွက်ခဲ့သလိုမျိုးဖြစ်စဉ်တွေဟာ နောက်ပိုင်းမှာလည်း ရှိလာနိုင်ပါတယ်။
မြန်မာဟာ နိုင်ငံတကာ သံတမန်ရေးမှာ ခြေခင်းနိုင်တဲ့အနေအထားအင်အားနည်းပါတယ်။ တခြားလက်နက်ကိုင်တပ်ဖွဲ့တွေဆိုရင် ပိုအင်အားနည်းပါသေးတယ်။
အဲဒီတော့ စစ်ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖို့ ဖြစ်စဉ်တွေ၊ဖိအားတွေဟာ ရှိလာဦးမှာပါ။
နိုင်ငံတကာဖိအားနဲ့ အင်အားကြီးနိုင်ငံတွေ ဘယ်အင်အားကြီးနိုင်ငံကိုပဲ ကြည့်ကြည့်ပါ။
စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့စွပ်စွဲခံလာရရင် ငြင်းကောင်းငြင်းပါလိမ့်မယ်။
ဒါပေမယ့် သက်သေအထောက်အထားတွေ အားကောင်းလို့ ဖုံးမနိုင် ဖိမရ ဖြစ်လာရင် ကိုယ့်ဟာကို အရေးယူအပြစ် ပေးမှုကိုတော့လုပ်ပြပြီး ထွက်ပေါက်ရှာတတ်ပါတယ်။
အမေရိကန်ဟာ အဲဒီလိုပါပဲ။ အမေရိကန်တပ်ဖွဲ့တွေ ကျူးလွန်မှုတွေကို နိုင်ငံတကာမှာ အသံထွက်လာရင် သူ့ပြည် တွင်းတရားရုံးက ကိုင်တွယ်အရေးယူပြတာပါပဲ။
အဲဒါကို ချနင်း၊ချကျွေးပြီး ထွက်ပေါက်ရှာတယ်လို့လည်း ပြောလို့ရပါတယ်။
အဲဒီတော့ ရခိုင်အပါအဝင် မြန်မာနိုင်ငံထဲမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ ကျူးလွန်တဲ့အပြစ်တွေနဲ့ ပတ်သက်လို့ဘယ် လိုဖြစ်လာနိုင်ဆိုတာစိတ်ဝင်စားစရာပါ။
ဖိအားတွေများလာရင် ကျူးလွန်သူတွေကို အရေးယူပြတဲ့ နည်းလမ်းနဲ့ ထွက်ပေါက်ရှာကြမှာပါ။
အဲဒီအခါ ဘယ်သူက အမိန့်ပေးလို့ပါ။ ဘယ်သူကခိုင်းလို့ပါလို့လည်း အကြောင်းပြနေလို့ မရတော့ပါဘူး။
ဆက်ရန်…
ကိုးကား…
ICC နဲ့အင်အားကြီးနိုင်ငံတွေကြားက အခင်းအကျင်း
USA နဲ့ ICC
ICC အခန်းဂဏ္ဍနဲ့ အဖွဲ့ဝင်မဟုတ်တဲ့နိုင်ငံတွေ
အိန္ဒိယနဲ့ ICC
တရုတ်နဲ့ ICC








