Border News Agency
မောင်တော၊ သြဂုတ် ၁၂။
မောင်တောခရိုင်မှာ ဆူပူသောင်းကျန်းမှုတွေမဖြစ်စေဖို့နဲ့ ပြည်သူတွေဘေးအန္တရာယ်ကင်းဝေးစေဖို့ရည်ရွယ်ပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊မောင်တောခရိုင်အုပ်ချုပ်ရေးဌာနက ညမထွက်ရအမိန့်ထုတ်ထားပါတယ်။
အဲဒီမောင်တောခရိုင်မှာ RSO၊ ARSA နဲ့ ARA အကြမ်းဖက်သမားတွေဟာ တဖက်နိုင်ငံနယ်စပ်ကိုအခြေပြုပြီး အာရက္ခပြည်တွင်းကို ထိုးဖောက်ဝင်ရောက်ကာ ပြည်သူတွေကို သတ်ဖြတ်တာ၊ပြန်ပေးဆွဲတာ၊ချောင်းမြောင်းတိုက်ခိုက်တာနဲ့ လုယက်တာတွေလုပ်နေတာကြောင့် ခုလိုညမထွက်ရအမိန့် ထုတ်ပြန်ရတာလို့ဆိုပါတယ်။
အဲဒီညမထွက်ရအမိန့်ကို ဩဂုတ်လ ၉ ရက်နေ့ကစထုတ်တာဖြစ်ပြီး ည ၁၀ နာရီမှ မနက် ၄ နာရီအချိန်အတွင်း ညမထွက်ရသတ်မှတ်ထားသလို မောင်တောခရိုင်အတွင်းရှိ ပြည်သူတွေအားလုံးလိုက်နာကြဖို့ အသိပေးထားပါတယ်။
အဲဒီဘူးသီးတောင်နဲ့ မောင်တောမြို့နယ်အတွင်းနေထိုင်ကြတဲ့ ပြည်သူတွေဟာ အမိန့်ကိုမပျက်မကွက်လိုက်နာကြရမှာဖြစ်ပြီး ပျက်ကွက်ရင်ထိုက်တန်တဲ့ အရေးယူမှုတွေလုပ်သွားမယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ပြည်သူတွေမှာ မဖြစ်မနေသွားလာရမယ့်ကိစ္စတွေရှိရင် သက်ဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူတွေဆီ ကြို တင်အကြောင်းကြားပြီး ခွင့်ပြုချက်ယူသွားလာကြဖို့ သတိပေးထားပါတယ်။
အဲဒီညမထွက်ရအမိန့်ကိုရုပ်သိမ်းကြောင်း ထပ်မံမထုတ်ပြန်မီထိအတည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးတာဝန်ရှိသူ မင်းမင်းသိမ်းက အမိန့်အမှတ် ၁/၂၀၂၆ နဲ့ ထုတ်ပြန်ထားပါတယ်။










