Border News Agency
အီရန်၊သြဂုတ် ၁၂။
အီရန်ကျူးလွန်ခဲ့တဲ့ကိစ္စတွေနဲ့ ဖန်တီးခဲ့တဲ့စစ်ပွဲတွေမှာ ထိခိုက်နာကျင်ခဲ့ရသူ၊သေဆုံးခဲ့ရသူတဦးချင်းစီအတွက် အီရန်အစိုးရကနစ်နာကြေးပေးဖို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တောင်းဆိုလိုက်တယ်လို့ Reuters သတင်းကဖော်ပြပါတယ်။
အီရန်ဘက်က စစ်လျော်ကြေးအရင်တောင်းဆိုခဲ့တာကြောင့် ထရမ့်ကခုလိုတုံ့ပြန်လိုက်တာလည်းဖြစ်ပါတယ်။
ခုလက်ရှိဖြစ်ပွားနေတဲ့ အီရန်နဲ့အမေရိကန်ကြားစစ်ပွဲကိုရပ်ဆိုင်းဖို့ အီရန်ကပိတ်ထားတဲ့ ဟော်မုဇ်ရေလက်ကြားကိုပြန်ဖွင့်ဖို့ဆိုရင် အမေရိကန်အနေနဲ့ စစ်လျော်ကြေးပေးချေတာအပါအဝင် အီရန်ရဲ့တောင်းဆိုချက်တွေကို လိုက်လျောရမယ်လို့ အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်က သတိပေးထားပါတယ်။
အီရန်နဲ့အမေရိကန်ကြား ဆွေးနွေးမှုတွေမှာ ကြားခံအဖြစ်ကူညီပေးနေတဲ့ အိုမန်အစိုးရကတဆင့် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အမေရိကန်ဆီ ပေးပို့ခဲ့တဲ့ သတင်းစကားမှာစစ်လျော်ကြေးကိစ္စကို အီရန်ဘက်က ထည့်သွင်းတောင်းဆိုလာတာ ဖြစ်ပါတယ်။
အမေရိကန်ကစတင်ခဲ့တဲ့ စစ်ပွဲကြောင့်ဖြစ်ပေါ်လာတဲ့ ထိခိုက်ပျက်စီးမှုတွေအတွက် အမေရိကန်မှာနစ်နာကြေးပေးဖို့ တာဝန်ရှိတယ်လို့လည်း အီရန်ကဆိုပါတယ်။
ဩဂုတ်လလ ၁၀ ရက်နေ့ကလည်း ထရမ့်ကသူ့ရဲ့ Truth Social လူမှုကွန်ရက်မှာ ပို့စ်တစ်ခုတင်ခဲ့ပြီး အီရန်အနေနဲ့ သူတို့လုပ်ရပ်တွေကြောင့် ထိခိုက်သေဆုံးခဲ့ရသူတွေအတွက် နစ်နာကြေးပြန်ပေးသင့်တယ်လို့ တောင်းဆိုခဲ့တာပါ။
အီရန်ရဲ့အဆိုပြုချက်က စိတ်ဝင်စားဖို့ကောင်းပြီး သူ့ဘက်ကလည်းတူညီတဲ့ အခြေအနေမျိုးအဖြစ် အီရန်ဆီကနေနစ်နာကြေး ပြန်တောင်းစရာတွေရှိနေတယ်လို့ ထရမ့်ကရေးသားထားပါတယ်။










