Border News Agency
မကွေး၊ဩဂုတ် ၂၀။
ရှမ်းပြည်၊ ဝမ်ဟိုင်းမှ ရခိုင်ပြည်ကို သယ်ဆောင်ရောင်းဝယ်နေတဲ့ ကာလတန်ဖိုး ငွေကျပ် ၃၆ ဘီလီယံကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား၂၄ သန်းကျော်ကို မင်းလှနဲ့ ပြည်ကြီးတံခွန်မြို့နယ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သြဂုတ်လ၁၉ ရက်နေ့ ထုတ်ပြန်ပါတယ်။
အဲဒီမကွေးတိုင်း၊ မင်းလှမြို့နယ်၊ သရက်-မင်းလှ ကားလမ်းပေါ်မှာ သြဂုတ်လ ၁၂ ရက်နေ့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေစစ်ဆေးရာကနေ မော်တော်ယာဉ် ၂ စီးပေါ်က စိတ်ကြွဆေးပြား ၉ ဒသမ ၅ သိန်းကျော်ကို စတင်ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အဲဒီအပြင်မန္တလေးမြို့ ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ နောင်ချိုနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းတို့မှာ ပါဝင်ပတ်သက်သူတွေကို မော်တော်ယာဉ်တွေနဲ့အတူ ထပ်မံဖမ်းဆီးနိုင်ခဲ့ပြီး စုစုပေါင်း စိတ်ကြွဆေးပြား ၂၄ ဒသမ ၁၅ သန်းအထိ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာပါ။
အဲဒီဒီမူးယစ်ဆေးဝါးတွေကို ရှမ်းပြည်ကနေ မကွေးတိုင်း၊ မင်းတုန်းမြို့ကိုအဆင့်ဆင့်သယ်ဆောင်ပြီး အဲဒီကတဆင့်ရခိုင်ပြည်ကို ဆက်လက်သယ်ဆောင် ရောင်းဝယ်နေတာဖြစ်တာလို့ဆိုပါတယ်။
အဲဒီကွန်ရက်မှာ ရခိုင်ပြည်ဘက်ကို သယ်ဆောင်သူတွေအဖြစ် AA က စီးပွားရေးတာဝန်ခံတွေပါဝင်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အခုလိုမူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုမှာပါဝင်သူတွေကို မူးယစ်ဆေးဝါးဆိုင်ရာဥပဒေ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေတို့နဲ့ အရေးယူဆောင်ရွက်နေပြီး ပြစ်မှုကျူးလွန်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ရေး လုပ်ဆောင်သွားမယ်လို့လည်းဆိုပါတယ်။












