Border News Agency
စစ်ကိုင်း၊ ဩဂုတ် ၂၀။
စစ်ကိုင်း၊မန္တလေးနဲ့ဧရာဝတီတိုင်းတို့ရှိ မြို့နယ်နှစ်ဆယ့်သုံးမြို့နယ်မှာ ရက်ဆက်မိုးသည်းထန်စွာရွာသွန်းပြီး ဆည်တမံတွေရေလွှတ်ခဲ့တာကြောင့်ရေကြီးရေလျှံမှုတွေဖြစ်ပွားကာ လူဦးရေလေးသိန်းခွဲကျော် ရေဘေးသင့်နေတယ်လို့ အရေးပေါ်တုံ့ပြန်ရေး ပူးပေါင်းကော်မတီ (JERC) က သြဂုတ်လ ၁၉ ရက်နေ့ကထုတ်ပြန်ပါတယ်။
အဲဒီရေကြီးမှုကြောင့် သေဆုံးသူနှစ်ဆယ့်ရှစ်ဦးနဲ့ ပျောက်ဆုံးသူနှစ်ဦးရှိနေပြီး ရေဘေးသင့်သူတွေရဲ့ငါးဆယ်ရာခိုင်နှုန်းကျော်က စစ်ကိုင်းတိုင်းကဖြစ်ပါတယ်။
မိုးဆက်ရွာနေသလို မြစ်ရေတွေလည်းမြင့်တက်နေဆဲမို့ ရေပြန်ကျဖို့မလွယ်ကူသေးဘဲ လူနေအိမ်တွေ၊စိုက်ပျိုးမြေနဲ့ သောက်သုံးရေကန်တွေပျက်စီးသွားခဲ့တာပါ။
လက်ရှိမှာ JERC အနေနဲ့ CSR ရန်ပုံငွေ ကျပ်သိန်းတထောင်နဲ့ ယူနစ်အစိုးရရန်ပုံငွေကျပ်သိန်းငါးရာကို အသုံးပြုပြီး စားနပ်ရိက္ခာ၊သောက်သုံးရေနဲ့ အရေးပေါ် ဆေးဝါးတွေ ထောက်ပံ့ပေးနေသလို ဘေးသင့်ကျေးလက်တွေကို နယ်လှည့်ဆေးကုသရေးအဖွဲ့တွေ စေလွှတ်ထားတယ်လို့ဆိုပါတယ်။
ဒါပေမယ့် လုံခြုံရေးအန္တရာယ်တွေ၊လမ်းတံတားပျက်စီးတာနဲ့ ဆက်သွယ်ရေးပြတ်တောက်တာတွေကြောင့် ကူညီကယ်ဆယ်ရေးလုပ်ဆောင်ရာမှာ စိန်ခေါ်မှုတွေရှိနေပြီး ရောဂါကာကွယ်ဖို့ဆေးဝါးနဲ့ RDT Kit အရေးပေါ်ပစ္စည်းတွေလည်း လိုအပ်နေတာဖြစ်ပါတယ်။
အဲဒီ ကော်မတီအနေနဲ့ ရေဘေးသင့်သူတွေအတွက် ယာယီနေစရာဖန်တီးပေးတာ၊ ပျက်စီးအိမ်တွေကို ပြန်ပြင်ပေးတာနဲ့ စိုက်ပျိုးမြေတွေအတွက် မျိုးစေ့ပံ့ပိုးပေးတာတွေကို ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်သလို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ပါ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။







