Border News Agency
ဘန်ကောက်၊ ဩဂုတ် ၂၀။
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ၉ ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးတွေအစည်းအဝေးသို့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရဲဝင်းဦးတက်ရောက်ခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ukris Boontanondha က ဂုဏ်ပြုတပ်ဖွဲ့နဲ့ကြိုဆိုခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ကထုတ်ပြန်ထားပါတယ်။
အဲဒီတွေ့ဆုံမှုမှာနှစ်နိုင်ငံနယ်စပ်ဒေသ ကုန်သွယ်မှုတွေပြန်လည်ကောင်းမွန်ရေးအတွက် နယ်စပ်တည်ငြိမ်အေးချမ်းရေးနဲ့ တရားမဝင်ကုန်သွယ်မှုတွကို ပူးပေါင်းထိန်းသိမ်းဆောင်ရွက်ဖို့ဆွေးနွေးခဲ့ကြတာပါ။
အဲဒီအပြင် နယ်စပ်ဒေသရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး၊မူးယစ်ဆေးဝါးနှိမ်နင်းရေးနဲ့လက်နက်ခဲယမ်းမှောင်ခိုရောင်းဝယ်မှု ပူးပေါင်းတိုက်ဖျက်ရေးကိစ္စတွေကိုလည်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီးနှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား သင်တန်းသားတွေ၊အားကစားနဲ့ ယဉ်ကျေးမှုအဖွဲ့တွေအပြန်အလှန်စေလွှတ်ရေးအပါအဝင် ပူးပေါင်းဆောင်ရွက်မှုတိုးတက်ခိုင်မာရေးအတွက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။






