Border News Agency
ဂွ၊ ဩဂုတ်၂၂။
အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်၊ညောင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ စစ်ရှောင်တွေအပါအဝင်ရှစ်ဦးဒဏ်ရာရသွားပါတယ်။
အဲဒီညောင်ချောင်းကျေးရွာကို ဩဂုတ်လ ၂၁ ရက်၊ဒီနေ့မနက် ၅ နာရီခန့်အချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအထက်တန်းကျောင်းနဲ့ ကျေးရွာဆေးခန်းအနီးမှာကျရောက်ပေါက်ကွဲခဲ့လို့ စစ်ဘေးရှောင်တွေနေထိုင်တဲ့နေရာတွေအပါအဝင် ကျေးရွာအတွင်းပျက်စီးသွားခဲ့ပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ဧရာဝတီတိုင်း၊ချင်းကုန်းကျေးရွာမှ အသက်ခုနှစ်ဆယ်သုံးနှစ်အရွယ် ဦးကိုဖြင့်နဲ့ အသက်လေးနှစ်အရွယ် ချစ်ဦးမောင်၊လှဲခုံကြီးကျေးရွာမှ ရွှေ၊အသက်နှစ်ဆယ့်ငါးနှစ်အရွယ် ချမ်းမြေ့အောင်နဲ့ အသက်သုံးဆယ်သုံးနှစ်အရွယ် စောဦးတို့ ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအပြင်ညောင်ချောင်းကျေးရွာမှ အသက်ရှစ်ဆယ်သုံးနှစ်အရွယ် ဦးကြည်ရွှေ၊ အသက်နှစ်ဆယ့်ရှစ်နှစ်ရွယ် ဒေါ်ဦးသန်းထွန်းနဲ့ နောက်ထပ်အမည်မသိအမျိုးသမီးတဦးလည်း ဒဏ်ရာရသွားခဲ့ပါတယ်။
နောက်ပြီးညောင်ချောင်းကျေးရွာအထက်တန်းကျောင်းရှိ ကျောင်းဆောင်တဆောင်၊နေအိမ်နှစ်လုံး၊ပဲဆီကျိတ်စက်တလုံး၊ဆိုင်ကယ်တစ်စီးနဲ့ စက်ဘီးတစီးပျက်စီးဆုံးရှုံးခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ခုရက်ပိုင်းအတွင်းအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို လေကြောင်းတိုက်ခိုက်တာတွေပိုလုပ်လာတာကြောင့် ပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ ရေကြောင်း အန္တရာယ်ကိုသတိထားကြဖို့ အာရက္ခတပ်တော်ကထပ်ပြီးအသိပေးထားပါတယ်။



















