Border News Agency
ကျောက်တော်၊ ဩဂုတ် ၂၂။
အသက်ဆယ့်ခြောက်နှစ်အောက်အမျိုးသမီးငယ်တွေကို လိင်ပိုင်းဆိုင်ရာထိပါးကျူးလွန်မှုတွေမှာ ကလေးငယ်ရဲ့စိတ်ဆန္ဒပါသည်ဖြစ်စေ၊မပါသည်ဖြစ်စေ သက်ငယ်မုဒိန်းမှုအဖြစ် သတ်မှတ်တယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ဥပဒေရေးရာအသိပညာပေးဆွေးနွေးတွေချက်တွေမှာဖော်ပြပါတယ်။
အဲဒီသက်ငယ်မုဒိန်းမှုဟာ အသက်ဆယ့်နှစ် နှစ်အောက်ကလေးသူငယ်တွေကိုကျူးလွန်တာအပြင် အသက်ဆယ့်ခြောက်နှစ်မပြည့်သေးတဲ့မိန်းကလေးငယ်တွေကို စိတ်ဆန္ဒပါသည်ဖြစ်စေ၊မပါသည်ဖြစ်စေ လိင်ပိုင်းဆိုင်ရာကျူးလွန်ရင်လည်း မုဒိန်းမှုမြောက်ပြီး ကြီးလေးသောရာဇဝတ်မှုဖြစ်တယ်လို့ဆိုပါတယ်။
”အာဆီယံဒေသတွင်းနဲ့နိုင်ငံတကာမှာပါ အသက်ဆယ့်ခြောက်နှစ်မပြည့်သေးတဲ့ မိန်းကလေးတဦးကို သူရဲ့ စိတ်ဆန္ဒ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာဟာသက်ငယ်မုဒိန်းမှုဖြစ်ပါတယ်။ မူးယစ်ဆေးဝါး၊အရက် အလွန်အကျွံသုံးစွဲတာနဲ့ လူမှုကွန်ရက်ပေါ်က အညစ်အကြမ်းရုပ်သံကြည့်ရှုမှုတွေကြောင့်လည်း ပုံမှန်အသိစိတ်ပျောက်ဆုံးပြီး ဒီလိုရာဇဝတ်မှုတွေကို ကျူးလွန်နိုင်ခြေပိုများပါတယ်။”လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ပါတီဗဟိုရုံးမှ တာဝန်ခံဒေါ်လှမြခိုင်ကပြောပါတယ်။
အဲဒီပြစ်မှုတွေမှာ ကျူးလွန်သူကိုးဆယ်သုံးရာခိုင်နှုန်းမှာ မိသားစုဝင်တွေ၊ဆွေမျိုးတွေနဲ့အနီးကပ်ဆုံး ရင်းနှီးသူတွေဖြစ်ကြပြီး ကျန်ခုနှစ်ရာခိုင်နှုန်းခန့်ဟာ လုံးဝမသိကျွမ်းတဲ့သူစိမ်းတွေဖြစ်ကြပါတယ်။
အဲဒါကြောင့် မိဘအုပ်ထိန်းသူတွေဟာကလေးငယ်တွေကို ခန္ဓာကိုယ်သီးသန့်အစိတ်အပိုင်းတွေကို ဘယ်သူမှကိုင်တွယ်ခွင့်မရှိကြောင်း သင်ကြားပေးထားဖို့နဲ့ မသမာတဲ့ထိပါးမှုတွေကြုံတွေ့ရရင် ချက်ချင်းတိုင်ကြားကြဖို့တိုက်တွန်းထားပါတယ်။
”ကျူးလွန်သူတွေက ဘယ်သူ့ကိုမှ မပြောရဘူးဆိုပြီး ခြိမ်းခြောက်ရင်တောင် မိဘတွေကိုရဲရဲဝံ့ဝံ့ပြန်ပြောနိုင်တဲ့ယုံကြည်မှုကို အိမ်တွင်းမှာတည်ဆောက်ထားရပါမယ်။ မတော်တဆဖြစ်ပွားခဲ့ရင်လည်း မိသားစု သိက္ခာကျမှာစိုးလို့ဆိုပြီး မတိုင်ကြားဘဲဖုံးကွယ်ထားရင် ကျူးလွန်သူက နောက်ထပ်ကလေးတွေကိုပါ ထပ်မံကျူးလွန်ဖို့အခွင့်အရေးရသွားနိုင်တာမို့ ရဲရဲဝံ့ဝံ့တိုင်ကြားအရေးယူကြဖို့ တိုက်တွန်းချင်ပါတယ်။”လို့ ဒေါ်လှမြခိုင်ကပြောပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ သက်ငယ်မုဒိန်းမှုတားဆီးရေးအသိပညာပေးမှုတွေအပြင် ဩဂုတ်လမှစတင်ပြီး အထူးတရားရုံးတွေဖွင့်ကာ ထောင်ဒဏ်ဆယ်နှစ်မှထောင်ဒဏ်တသက်ထိပြင်းထန်စွာအရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။










