Border News Agency
နီပေါ၊ ဩဂုတ် ၂၇။
နီပေါနိုင်ငံမြောက်ပိုင်း Rasuwa ခရိုင်နဲ့ တရုတ်နိုင်ငံ တိဘက်ဒေသ Gyirong ခရိုင်မှာ ဩဂုတ်လ ၂၆ ရက်က ရုတ်တရက်ရေကြီးရေလျှံမှုနဲ့မြေပြိုမှုတွေကြောင့် လူတရာ့ခြောက်ဆယ်ကျော်ထက်မနည်း သေဆုံးကာ ရာနဲ့ချီပျောက်ဆုံးနေပါတယ်။
နီပေါရဲတပ်ဖွဲ့က လက်ရှိအချိန်ထိ အလောင်းတရာ့ငါးဆယ်ခုနှစ်လောင်းရှာဖွေတွေ့ရှိထားပြီး ခရီးသွားသုံးရာ့လေးဆယ်တဦးအပါအဝင် စုစုပေါင်းလေးရာ့သုံးဦးအဆက်အသွယ်မရပျောက်ဆုံးနေကြောင်း နီပေါ ခရီးသွားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ပျောက်ဆုံးနေသူတွေထဲမှာ အိန္ဒိယ၊ အမေရိကန်၊ ဗြိတိန်၊ တောင်ကိုရီးယားစတဲ့ နိုင်ငံခြားသားတွေနဲ့ နီပေါရဲတပ်ဖွဲ့ဝင်နှစ်ဆယ့်ရှစ်ဦးပါဝင်နေတာပါ။
အဲဒီအပြင်တိဘက်ဒေသ Gyirong ခရိုင်မှာ လူသုံးဦး သေဆုံးပြီး သုံးရာနီးပါးပျောက်ဆုံးနေကာ၊တရုတ်-နီပေါ နယ်စပ်ဆိပ်ကမ်းနဲ့ လျှပ်စစ်၊ ဆက်သွယ်ရေးစနစ်တွေ ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။
နီပေါဝန်ကြီးချုပ် Balendra Shah က ကယ်ဆယ်ရေးနဲ့ ထောက်ပံ့ရေးလုပ်ငန်းတွေကို အစိုးရကတာဝန်ယူဆောင်ရွက်ပေးမယ်လို့ပြောကြားထားပြီး အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ထံလည်း အကူအညီတောင်းခံထားပါတယ်။
အဲဒီရေကြီးမှုကြောင့် လျှပ်စစ်ထုတ်လုပ်နိုင်စွမ်းလေးရာသုံးဆယ်မဂ္ဂါဝပ်ခန့် ထိခိုက်ပျက်စီးခဲ့ကာ လမ်း၊ တံတားနဲ့ အဆောက်အအုံများစွာ ပျက်စီးခဲ့ရပါတယ်။
ကျွမ်းကျင်သူတွေကတော့ ရေခဲမြစ်အတွင်း ရေခဲကျောက်တုံးတွေပြိုကျကာ မြစ်ရေစီးကြောင်း ပိတ်ဆို့မှုကြောင့် အခုလို ရုတ်တရက် ရေကြီးရေလျှံမှု ဖြစ်ပွားရတာလို့ သုံးသပ်ထားကြပါတယ်။




























