Border News Agency
ထိုင်း၊ ဩဂုတ် ၂၈။
ထိုင်းနိုင်ငံရောက် တရားမဝင်နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးမယ့် အမိန့်ညွှန်ကြားချက်ကို ဝန်ကြီးချုပ်နဲ့ ပြည်ထဲရေးဝန်ကြီး အနုထင်ချန်ဝီရာကူးက လက်မှတ်ရေးထိုးခဲ့ပြီး ဩဂုတ်လ ၂၈ ရက်၊ဒီနေ့ စတင်အသက်ဝင်အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။
အဲဒီညွှန်ကြားချက်အရ တရားမဝင်နေထိုင်တာ၊ခွင့်ပြုချက်မရှိဘဲအလုပ်လုပ်တာ၊ တရားမဝင် စီးပွားရေးလုပ်တာ၊ စာရွက်စာတမ်းအတု အသုံးပြုတာ၊ ထောင်ဒဏ် ၅ နှစ်နဲ့အထက် ချမှတ်နိုင်တဲ့ ပြစ်မှုတွေကျူးလွန်တာနဲ့ အဲဒီပြစ်မှုတွေမှာအားပေးအားမြောက်ပြုလုပ်သူတွေကို မိခင်နိုင်ငံ သို့မဟုတ် နောက်ဆုံးနေထိုင်ခဲ့တဲ့နေရာသို့ ပြည်နှင်ဒဏ်ပေးသွားမှာပါ။
ပြည်နှင်ဒဏ်ပေးမည့်သူရဲ့ အချက်အလက်တွေကိုမနှင်ထုတ်မီ အနည်းဆုံး ၁၅ ရက် ကြိုတင်ကာ အကျဉ်းဦးစီးဌာနက ပြည်ထဲရေးဝန်ကြီးဌာနသို့အကြောင်းကြားရမှာဖြစ်ပြီး ထိုင်းနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်တဲ့ကာလတွေကိုပါ သတ်မှတ်သွားမှာဖြစ်ပါတယ်။
အမိန့်ချမှတ်ပြီး ၇ ရက်အတွင်း ညှဉ်းပန်းနှိပ်စက်ခံရနိုင်ခြေ သို့မဟုတ် အတင်းအကျပ် ဖမ်းဆီးခံရနိုင်တဲ့ ဘေးအန္တရာယ်ရှိရင် သံတမန်ရေးလမ်းကြောင်းမှတဆင့်တောင်းဆိုပြီး တတိယနိုင်ငံသို့ စေလွှတ်ဖို့ ထည့်သွင်းစဉ်းစားပေးသွားမှာပါ။
ပြည်နှင်ဒဏ်ပေးတဲ့ လုပ်ငန်းစဉ်တွေကို ရက်ပေါင်း ၃၀ အတွင်း ပြီးစီးအောင်ဆောင်ရွက်ရမှာဖြစ်ပြီး လိုအပ်ရင် အများဆုံး ရက် ၆၀ အထိသက်တမ်းတိုးမြှင့်သွားမှာ ဖြစ်ပါတယ်။










