Border News Agency
မလေးရှား၊ ဩဂုတ် ၂၈။
မလေးရှားနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာဒုက္ခသည်တွေထဲက အနည်းဆုံးတထောင့်ငါးရာကို လာမယ့်စက်တင်ဘာလ ၂၉ ရက်မှာ မြန်မာနိုင်ငံကိုပြန်ပို့မယ့် ပထမအဆင့်အစီအစဉ်ကိုအပြီးသတ်လိုက်ပြီလို့ မလေးရှားအစိုးရကထုတ်ပြန်ပါတယ်။
ဒီလိုပြန်လည်ပို့ဆောင်ရာမှာ မြန်မာစစ်ဘက်ဆိုင်ရာ စစ်သင်္ဘောနှစ်စီးနဲ့ ဆေးရုံသင်္ဘောတစီးတို့ကိုအသုံးပြုသွားမှာဖြစ်ပြီး နှစ်ဖက်သဘောတူညီချက်အရ မိမိသဘောဆန္ဒအလျောက်ပြန်ချင်တဲ့ ဒုက္ခသည်စုစုပေါင်းငါးထောင်အထိကို ပြန်လည်ပို့ဆောင်ပေးသွားမှာပါ။
အဲဒီအပြင် ဒုက္ခသည်လေးထောင်ကျော်ကို ဒုက္ခသည်မှတ်ပုံတင်စာရွက်စာတမ်း (DPP) အစီအစဉ်ထဲထည့်သွင်းသွားမှာဖြစ်ပြီး ဩဂုတ်လလယ်အထိ မလေးရှားထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးခံထားရတဲ့မြန်မာနိုင်ငံသား တသောင်းသုံးရာရှစ်ဆယ်ရှစ်ဦးရဲ့ ကိုယ်ရေးအချက်အလက်နဲ့ ဒုက္ခသည်လျှောက်ထားမှုတွေကို စိစစ်နေပါတယ်။
မလေးရှားအစိုးရဘက်က ဒုက္ခသည်တွေရဲ့ အသက်အန္တရာယ်စိုးရိမ်ရရင် ပြန်လည်ပို့ဆောင်မှာမဟုတ်ဘူးလို့ ပြောထားပေမယ့် လူ့အခွင့်အရေး အဖွဲ့တွေကတော့ မြန်မာနိုင်ငံမှာစစ်ပွဲတွေနဲ့ စစ်ရာဇဝတ်မှုတွေဆက်ဖြစ်နေတာကြောင့် ဘေးကင်းစွာပြန်ဖို့ အခြေအနေမရှိသေးဘူးလို့ ထောက်ပြထားပါတယ်။
မလေးရှားဟာ ၁၉၅၁ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာသဘောတူညီချက်မှာ လက်မှတ်ထိုးထားတာမရှိပေမယ့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) မှာ မှတ်ပုံတင်ထားတဲ့ရိုဟင်ဂျာ တသိန်းနှစ်သောင်းခြောက်ထောင်ကျော်အပါအဝင် ဒုက္ခသည်နဲ့ခိုလှုံခွင့်တောင်းခံသူ တသိန်းတသောင်းငါးထောင်ကျော်ကို လက်ခံထားတာဖြစ်ပါတယ်။







