Border News Agency
ထိုင်း၊ ဩဂုတ် ၂၈။
မြန်မာနဲ့ထိုင်းနှစ်နိုင်ငံကြား လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးနဲ့ထိန်းချုပ်ဓာတုပစ္စည်းတွေ တရားမဝင်သယ်ဆောင်ရောင်းဝယ်တာကို တားဆီးထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်ရဲ့ကာကွယ်ရေးဦးစီးချုပ်ရဲဝင်းဦးနဲ့ ထိုင်းနိုင်ငံအမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူးချုပ် Mr. Chatchai Bangchuad တို့ ဩဂုတ်လ ၂၇ ရက်က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
တွေ့ဆုံမှုအတွင်းထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၉ ကြိမ်မြောက်ထိုင်း-မြန်မာ တပ်မတော်နှစ်ရပ်ကြားအဆင့်မြင့်အရာရှိကြီးများကော်မတီ (HLC)အစည်းအဝေး အခြေအနေတွေနဲ့ နယ်စပ်ဒေသတည်ငြိမ်ရေး၊တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စတွေကို ဆွေးနွေးခဲ့ကြတာပါ။
အဲဒီအပြင် နယ်စပ်ကုန်သွယ်ရေးကိစ္စတွေနဲ့အတူ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူတွေပါဝင်ပတ်သက်နေတဲ့ အွန်လိုင်းလိမ်လည် လောင်းကစားမှုတွေကို ပိုမိုတိုးမြှင့်တားဆီးနှိမ်နင်းသွားမယ့် အခြေအနေတွေကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
နှစ်နိုင်ငံနယ်စပ်ဒေသနေသူတွေ ဘေးကင်းစွာနေထိုင်နိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ဖို့နဲ့ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ အပြန်အလှန်ဖလှယ်သွားဖို့လည်း သဘောတူခဲ့ကြပါတယ်။
အဲဒီအပြင် တရားမဝင်လက်နက်နဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေကို ပူးပေါင်းတားဆီးရင်းနှစ်နိုင်ငံကြား ရှိရင်းစွဲဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုတိုးမြှင့်လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။







