Border News Agency
ရန်ကုန်၊ ဩဂုတ် ၂၈။
နိုင်ငံဖြတ်ကျော်မူးယစ်ဆေးဝါး မှုခင်းစုံစမ်းစစ်ဆေးရေးဆိုင်ရာ ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲကို ဩဂုတ်လ ၂၅ ရက်နေ့က ရန်ကုန်မြို့ Chatrium Hotel မှာ အာဏာသိမ်းစစ်တပ်ရဲ့ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့နဲ့ ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံးတို့ပူးတွဲကျင်းပခဲ့ပါတယ်။
ဆွေးနွေးပွဲမှာ မူးယစ်တားဆီးရေး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်သန့်လွင်မောင်က ဒေသတွင်းမူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုတွေ လျှင်မြန်စွာပြောင်းလဲနေပြီး သီပေါနဲ့မိုင်းရယ်တို့မှ ဖမ်းဆီးရမိမှုတွေအရ မူးယစ်ဂိုဏ်းတွေဟာ ထိန်းချုပ်ဓာတုစာရင်းမှာမပါတဲ့ ဓာတုပစ္စည်းအသစ်တွေကို ပြောင်းလဲသုံးစွဲလာကြတယ်လို့ဆိုပါတယ်။
အဲဒီအပြင် တရားမဝင်ဝင်ရောက်လာတဲ့ နိုင်ငံခြားသားဓာတုဗေဒပညာရှင်တွေကို ငှားရမ်းတာတွေရှိနေလို့ နယ်စပ်ဝင်ပေါက်တွေမှာ ပူးတွဲစောင့်ကြည့်ဖို့နဲ့ အစားထိုးဓာတုပစ္စည်းအသစ်တွေပေါ်လာရင် သတင်းအချက်အလက် ချိတ်ဆက်မျှဝေပေးဖို့ တောင်းဆိုခဲ့ပါတယ်။
မူးယစ်ဂိုဏ်းခေါင်းဆောင်တွေကို ဖမ်းဆီးဖို့နဲ့ သံသယရှိသူတွေကို နယ်စပ်ဖြတ်ကျော်လွှဲပြောင်းရာမှာ နိုင်ငံအလိုက်ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းကွဲပြားမှုတွေကြောင့် အခက်အခဲတွေရှိနေတယ်လို့လည်း ဆိုပါတယ်။
အဲဒီအစည်းအဝေးသို့ မဲခေါင်အဖွဲ့ဝင်နိုင်ငံတွေ၊အင်ဒိုနီးရှား၊မလေးရှားနဲ့ UNODC တို့မှ ကိုယ်စားလှယ်တွေအပါအဝင် စုစုပေါင်း ၅၈ ဦးတက်ရောက်ပြီး သတင်းအချက်အလက်ဖလှယ်ရေးနဲ့ တရားခံလွှဲပြောင်းပေးရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။








